“ဝ” ဒေသတွင် ကိုဗစ်လူနာအချို့တွေ့ရှိသဖြင့် ကန့်သတ်မှုများပိုမိုလုပ်ဆောင်လာ  

“ဝ” ဒေသတွင် ကိုဗစ်လူနာအချို့တွေ့ရှိသဖြင့် ကန့်သတ်မှုများပိုမိုလုပ်ဆောင်လာ  
Photo credit - WSTV

 ဒီဇင်ဘာ ၁၉ ၊ ၂၀၂၀

“ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ် (UWSA) ထိန်းချုပ်နယ်မြေဒေသမှာ တရုတ်နိုင်ငံသား ကိုဗစ်လူနာ နှစ်ဦးတွေ့ရှိခဲ့လို့ ကိုဗစ်ရောဂါထိန်းချုပ်ရေး စည်းမျဉ်းတွေကိုတင်းကျပ်လိုက်ပြီး ကန့်သတ်မှုတွေကိုလည်းပိုလုပ်ဆောင်လာတယ်လို့ UWSA ရဲ့ ပြင်ပဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းက ပြောပါတယ်။ 

 “ဝ” ဒေသတွင်း ဒီဇင်ဘာ ၂၀ ရက်နေ့ကစလို့ စာသင်ကျောင်းတွေအားလုံးကိုပိတ်လိုက်ပြီး ပြည်သူ့စစ် လေ့ကျင့်ရေးအစီအစဉ်တွေကိုလည်း ရပ်ဆိုင်းထားပါတယ်။  

 “ မှန်ပါတယ်။ တစ်နယ်နဲ့တစ်နယ်ကူးလူးဆက်ဆံမှုတွေကို ကျွန်တော်တို့လောလောဆယ် ကန့်သတ်ထားတယ်။ ပြီးရင် ဆေးခန်း၊ ဘုရားဝတ်ပြုကျောင်း၊ စာသင်ကျောင်းတွေပိတ်ထားတယ်။ လူစုဝေးတွေမလုပ်ဖို့စသဖြင့်ပေါ့။ နဂိုတည်းကလည်း ကန့်သတ်မှုတွေရှိတယ်။ အားလုံးလည်း သိပြီးသားပါ။ အခုကတော့ ပိုမိုပြီးမှတင်းကျပ်တာပေါ့” လို့  ဦးညီရန်းကပြောပါတယ်။  

  ဒါ့အပြင် ပြည်ထောင်စုအစိုးရနယ်မြေ၊ မိုင်းလားမြို့တို့နှင့် ဆက်သွယ်ထားတဲ့ ဂိတ်တွေကိုလည်း ဖေဖော်ဝါရီ ၁၇ ရက်နေ့အထိ နှစ်လကြာပိတ်ထားပြီး၊ ကုန်ပစ္စည်းတွေကိုတော့ စည်းကမ်းနဲ့သယ်ခွင့်ပြုထားပါတယ်။  

  မြို့နယ်တစ်ခုကနေ တစ်ခုကို ကျန်းမာရေးထောက်ခံချက်ရထားတဲ့ ကုန်တင်ယာဉ်မောင်းကလွဲလို့ ဘယ်သူမှကူးလူးသွားလာမှုတွေ လုပ်ခွင့်မပြုတော့ဘူးလို့ “ဝ” အဖွဲ့က ဒေသအတွင်းမှာ ထုတ်ပြန်ထားပါတယ်။  

  ကုန်ပစ္စည်းတွေကိုလည်း လက်ရှိပေါက်ဈေးထက်  ငါးရာခိုင်နှုန်းအထက်ကျော်လွန်ပြီး ဈေးတက်ခွင့်မပြုကြောင်းထုတ်ပြန်ထားပြီး စည်းကမ်းတွေကိုမလိုက်နာရင် ဥပဒေအရ အရေးယူမယ်လို့ ဆိုပါတယ်။  

  “ဝ” ထိန်းချုပ်ဒေသအတွင်း စည်းကမ်းချက်တွေကို ပြည်နယ်ကိုဗစ်ထိန်းချုပ်ရေးကော်မတီက ဦးစီးဆောင်ရွက်နေပေမယ့် ပြည်ထောင်စုအစိုးရနဲ့လည်း ဆက်သယ်ဆောင်ရွက် နေတယ်လို့ သိရပါတယ်။  

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာသန်းနိုင်စိုးက “ ဝ ပြည်နယ်ထဲမှာရှိတဲ့ ကျန်းမာရေးအဖွဲ့တွေကလည်း တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းတို့ ဒီဟာတွေနဲ့ပက်သက်ပြီး တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းအနေနဲ့ပေါ့ သက်ဆိုင်ရာကျန်းမာရေးဌာနနဲ့ ပူးပေါင်းဆောင်ရွက်တဲ့အပိုင်းတွေအများကြီးရှိပါတယ်။ အဲ့အပိုင်းတွေမှာလဲ အပြန်အလှန်သတင်းရယူခြင်းတို့ ကိုဗစ်အပါအဝင်ပေါ့။ ကိုဗစ်မတိုင်ခင်တည်းကဒါတွေပူးပေါင်းဆောင်ရွက်နေတာပါ” လို့ပြောပါတယ်။  

ကိုဗစ်ကာကွယ်ဆေးရခဲ့ရင်လည်း အားလုံးပါဝင်ရေးမူကို လက်ကိုင်ထားတာကြောင့် ဘယ်ဒေသကိုမှချန်ထားခဲ့မှာမဟုတ်ဘူးလို့ ဒေါက်တာသန်းနိုင်စိုးကပြောပါတယ်။  

လတ်တလောမှာတော့ “ဝ” ဒေသက ပန်ဆန်းမြို့မှာ တရုတ်နိုင်ငံရဲ့ကူညီမှုနဲ့တည်ဆောက်ထားတဲ့ ကိုဗစ်ရောဂါရှာဖွေရေးစက်တစ်လုံးရှိနေပြီး ထိတွေ့သူတွေအားလုံးကိုဒေသတွင်းမှာပဲ စစ်ဆေးနေတာပါ။  

ဒါ့အပြင် ပိုးတွေ့လူနာနဲ့ ထိတွေ့နီးစပ်မှုရှိခဲ့သူတွေဟာ ၁၄ ရက်ကြာ ကွာရန်တင်းဝင်ရမှာဖြစ်ပြီး ကျန်းမာရေးစစ်ဆေးမှုခံယူဖို့ အချိန်မီ သတင်းပေးပို့ရန် ပျက်ကွက်သူကို ဥပဒေအရ ထိထိရောက်ရောက် အရေးယူသွားမယ်လို့ ကြေညာထားပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်တဲ့ 'ဝ' ပြည်သွေးစည်းညီညွတ်ရေးတပ်(UWSA) ထိန်းချုပ်ထားတဲ့ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ မြို့နယ် ခြောက်ခုရှိပြီး အစိုးရနှင့် NCA မထိုးရသေးတဲ့ အဖွဲ့လည်းဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required