ဖီဂျီကျွန်းဆီ စူပါမုန်တိုင်း ချည်းကပ်လာ၍ ပြည်သူတွေ ခိုလှုံရေးစခန်းတွေဆီ ရွှေ့ပြောင်း 

ဖီဂျီကျွန်းဆီ စူပါမုန်တိုင်း ချည်းကပ်လာ၍ ပြည်သူတွေ ခိုလှုံရေးစခန်းတွေဆီ ရွှေ့ပြောင်း 
Photo: AFP

ဒီဇင်ဘာ ၁၈ ၊ ၂၀၂၀

ဖီဂျီကျွန်းမှာ ရေကြီးမှုတွေ၊ လှိုင်းကြီးတာတွေနဲ့ တော်တော်များများ ပျက်စီးမှုတွေ ဖြစ်ပေါ်စေနိုင်တဲ့ ဆိုင်ကလုန်းမုန်တိုင် ယာဆာ ချည်းကပ်လာနေပြီး ဒီ မုန်တိုင်းရဲ့ ဘေးဒဏ်ကို ဘယ်နေရာမှ လွတ်လိမ့်မှာ မဟုတ်ဘူးလို့ ကြာသပတေးနေ့မှာ သတိပေးချက်တွေ ထုတ်ထားတာကြောင့် ပြည်သူတွေဟာ ခိုလှုံရေးစခန်းတွေဆီ ရွှေ့ပြောင်းနေကြရပါတယ်။ 

ပစိဖိတ်ကျွန်းနိုင်ငံဖြစ်တဲ့ ဖီဂျီနိုင်ငံရဲ့ ဝန်ကြီးချုပ် ဖရန့်ဘိုင်နီမာရာမာက ရာသီဥတုပြောင်းလဲမှု အရေးပေါ်အခြေအနေကို အပြစ်တင်ပြီး အခု မုန်တိုင်းဟာ လွန်ခဲ့တဲ့ လေးနှစ်က လူ ဒါဇင်များစွာ သေဆုံးခဲ့ရတဲ့ ဆိုင်ကလုန်းမုန်တိုင်းထက် ပိုပြီး ဆိုးနိုင်တယ်လို့ ကျွန်းသူကျွန်းသားတွေကို သတိပေး ပြောဆိုပါတယ်။ 

အားအပြင်းဆုံးအဆင့် အဆင့် ၅ သတ်မှတ်ထားတဲ့ အခု ယာဆာမုန်တိုင်းဟာ ဖီဂျီကျွန်းဆီ တစ်နာရီ ၃၂၅ ကီလိုမီတာ (မိုင် ၂၀၀) နှုန်းနဲ့ ချည်းကပ်လာနေချိန်မှာပဲ ဆက်လက်အားကောင်းနေပါတယ်။ 

ယာဆာမုန်တိုင်းဟာ ကုန်းတွင်းပိုင်းဆီ ကြာသပတေးနေ့ နှောင်းပိုင်းမှာ ဝင်ရောက်တိုက်ခတ်မယ်လို့ ခန့်မှန်းရပြီး မုန်တိုင်းအရှိန်နဲ့ မိုးသည်းထန်စွာ ရွာပြီး လေပြင်းတွေ တိုက်ခတ်နေပါတယ်။ နေရာတော်တော်များများမှာ ရေကြီးမှုတွေ ဖြစ်ပြီး လမ်းတွေလည်း ပိတ်ဆို့ပြတ်တောက်နေကာ တစ်နေရာနဲ့ တစ်နေရာ အဆက်အသွယ် ပြတ်တောက်နေပါတယ်။ 

ချည်းကပ်လာနေတဲ့ မုန်တိုင်းက အတော်လေး ကြီးတဲ့ မုန်တိုင်းဖြစ်တာကြောင့် တစ်နိုင်ငံလုံး မုန်တိုင်းဘေးကို ကြုံရနိုင်ပြီး လွတ်မြောက်တဲ့ နေရာ မရှိနိုင်ဘူးလို့ ဝန်ကြီးချုပ် ဘိုင်နီမာရာမာက ပြောပါတယ်။ 

“ဖီဂျီ လူဦးရေရဲ့ ၉၅ ရာခိုင်နှုန်းကျော် လူပေါင်း ရှစ်သိန်းခွဲကျော်ဟာ ဆိုင်ကလုန်းမုန်တိုင်းရဲ့ လမ်းကြောင်းမှာ တိုက်ရိုက်ရောက်ရှိနေတာ ဖြစ်တယ်။”လို့ သူက ပြောပါတယ်။ 

“ဖီဂျီက ဘယ်နေရာမဆိုမှာ မိုးကြီးပဲ ပျက်စီးမှုများမယ့် လေပြင်းတွေ တိုက်ခတ်လိမ့်မယ်လို့ ကျွန်တော်တို့ ခန့်မှန်းရပါတယ်။ မြေနိမ့်ပိုင်းဒေသတွေအတွက်ဆို ဆိုးဆိုးဝါးဝါး ကမ်းရိုးတန်း ရေကြီးရေလွှမ်းမှုတွေနဲ့ လှိုင်းအမြင့် ဆယ်မီတာအထိ မြင့်လိမ့်မယ်လို့လည်း ကျွန်တော်တို့ ခန့်မှန်းပါတယ်။”လို့ သူက ဆိုပါတယ်။ 

ယာဆာမုန်တိုင်းဟာ ၂၀၁၆ ဖေဖော်ဝါရီက လူ ၄၄ ဦး သေဆုံးပြီး အိမ်ခြေထောင်ပေါင်းများစွာ ပျက်စီးခဲ့ရတဲ့ ဝင်စတန်မုန်တိုင်းထက် ပိုပြင်းထန်ဆိုးဝါးလိမ့်မှာ ဖြစ်တယ်လို့လည်း ဝန်ကြီးချုပ်က ပြောပါတယ်။ 

ရာသီဥတုပြောင်းလဲမှုအရေးမှာ ကာလရှည်ကြာ တက်ကြွလှုပ်ရှားနေသူဖြစ်တဲ့ ဝန်ကြီးချုပ် ဘိုင်နီမာရာမာဟာ ကမ္ဘာကြီး ပူနွေးလာမှုကြောင့် အရင်က ဖြစ်ပေါ်ခဲတဲ့ စူပါအားပြင်းမုန်တိုင်းတွေဟာ ပုံမှန်လို ဖြစ်ပေါ်တိုက်ခတ်လာနေပြီဆိုတာကို သံသယ ရှိစရာမလိုကြောင်းလည်း ဆိုပါတယ်။ 

“ကမ္ဘာကြီး ပိုပြီး ပူနွေးလာလေ၊ ဒီလို မုန်တိုင်းတွေက ပို အားကောင်းလာလေပဲ ဖြစ်တယ်။ သေကြေပျက်စီးမှုတွေကို ဆောင်ကြဉ်းလာတဲ့ ရာသီဥတု ပြောင်းလဲမှု ကပ်ဘေးကို ကျွန်တော်တို့ အားလုံး တစ်ဦးမကျန် အရေးယူ လုပ်ဆောင်သွားရမှာ ဖြစ်တယ်။”ဆိုပြီး သူက ပြောခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly