အွန်လိုင်းပေါ်ကနေ လိမ်လည်မှု ကျူးလွန်သည့် တရုတ်နိုင်ငံသား ၃ ဦးကို ထိုင်းရဲ ဖမ်းဆီး

အွန်လိုင်းပေါ်ကနေ လိမ်လည်မှု ကျူးလွန်သည့် တရုတ်နိုင်ငံသား ၃ ဦးကို ထိုင်းရဲ ဖမ်းဆီး

ဒီဇင်ဘာ ၁၇

ထိုင်းနိုင်ငံထဲသို့ တရားမ၀င် ၀င်ရောက်လာခဲ့ပြီး အွန်လိုင်းပေါ်ကနေ လိမ်လည်မှုတစ်ရပ်ကို ကျူးလွန်ထားခဲ့သော တရုတ်နိုင်ငံသား သုံးဦးကို ဖမ်းဆီးလိုက်ကြောင်း ထိုင်းလူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့အကြီးအကဲ ဒုတိယရဲဗိုလ်ချုပ်ကြီး ဆွန်ပေါင် ချင်းဒေါင်က ဒီဇင်ဘာ ၁၅ ရက်တွင် ထုတ်ပြန်ကြေညာသည်။

အွန်လိုင်းပေါ် လူလိမ်မှုတစ်ခု ကျူးလွန်ထားခဲ့သည်ဟု ဆိုသော တရုတ်သုံးဦးသည် ၎င်းတို့ပစ်မှတ်ထားသော သားကောင်များထံမှ ကိုယ်ရေးအချက်အလက်ဒေတာများနှင့် တစ်ခါသုံးလျှို့ဝှက်ကုဒ်နံပါတ် (OTP) များကို လိမ်ညာရယူပြီး ထို့နောက် လျှို့ဝှက်ကုဒ်များကို သုံးပြီး သားကောင်ဖြစ်သူများ၏ ဘဏ်အကောင့်များမှ ပိုက်ဆံများကို ထုတ်ယူခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံသား သုံးဦးအနက် ယုံဟွာ နှင့် ယွီသီအန် အမည်ရ နှစ်ဦးကို ဒီဇင်ဘာ ၁၂ ရက်က ဘန်ကောက်၏ ဘန်ခိုလမ် အရပ်ဒေသ ဆွိုင်ချာရွန်ကရမ် ၉၁ ရှိ နေအိမ်တစ်ခုတွင် ဖမ်းဆီးနိုင်ခဲ့ပြီး ၎င်းတို့နှင့်အတူ မိုဘိုင်းဖုန်းများ၊ ကွန်ပြူတာများ၊ ATM ကဒ်များနှင့် ဘဏ်စာအုပ်များ အပါအ၀င် ပစ္စည်း ၈၈ ခုကို သိမ်းဆည်းရမိခဲ့သည်။ အလားတူ ဖေဟုန် အမည်ရ နောက်တစ်ဦးကိုလည်း ယင်းနေ့ တစ်နေ့တည်းမှာပင် လတ်ဖရော အရပ်ရှိ နေအိမ်တစ်လုံးတွင် ဖမ်းမိခဲ့သည်။

“တာဝန်ရှိသူတွေက ဒီအဖွဲ့နောက်ကို လိုက်စုံစမ်းခဲ့တာပါ၊ သူတို့ဟာ တိုင်ပေကနေ ထိုင်းနိုင်ငံထဲ တရားမ၀င် ၀င်ရောက်ခဲ့ကြတာပါ၊ သူတို့ဟာ SCB Easy လို့ ခေါ်တဲ့ ဆိုင်ယမ် ကော်မာရှယ်ဘဏ် မိုဘိုင်းဘဏ်စနစ် အက်ပလီကေးရှင်းအဖြစ် အတုလုပ်ထားတဲ့ အက်ပလီကေးရှင်းအတုတစ်ခုကို ဖန်တီးခဲ့ပါတယ်၊ ပြီးတော့ အဲဒါနဲ့ သူတို့ရဲ့ သားကောင်ဖြစ်ခဲ့သူတစ်ချို့ရဲ့ ဘဏ်အကောင့်တွေထဲကနေ ဘတ်ငွေ သန်းနဲ့ချီကို ကဲ့ဝှက်ခဲ့ကြတာပေါ့” ဟု ဆွမ်ပေါင်က ရှင်းပြသည်။

ရဲများ၏ အဆိုအရ လိမ်လည်မှု ပုံစံမှာ သံသယရှိသူများသည် ၎င်းတို့ပစ်မှတ်ထားသည့် သားကောင်တစ်ဦးဆီ SMS မက်ဆေ့ခ်ျတစ်စောင်ကို ပေးပို့ပြီး ဘဏ်စနစ် ပြုပြင်ထိန်းသိမ်းမှု လုပ်နေကြောင်း၊ ယင်းအတွက်ကြောင့် ၎င်းတို့၏ ကိုယ်ရေးဒေတာများ အဆင့်မြှင့်တင်ရမည်ဟု ဆိုပြီး ဘဏ်မှ ရရှိထားသော ၎င်းတို့၏ ID ကဒ် နံပါတ်၊ တယ်လီဖုန်းနံပါတ်နဲ့ လျှိ့ဝှက်ကုဒ်နံပါတ်များကို အက်ပလီကေးရှင်းအတုထဲ ထည့်ခိုင်းသည့် ပုံစံဖြစ်သည်။

ယင်းနောက် သံသယရှိသူများက ဒေတာအချက်အလက်များ ရရှိသွားသည့်အခါ ယင်းတို့ကို အသုံးပြုပြီး ၎င်းတို့သည် တကယ့်  ဘဏ်အက်ပလီကေးရှင်းအစစ်ကနေတစ်ဆင့် သားကောင်ဖြစ်သူ၏ ဘဏ်အကောင့်ထဲမှ ငွေများကို ထုတ်ယူပြီး ယင်းနောက် ငွေများကို အမေရိကန်ဒေါ်လာ tether (ဒစ်ဂျစ်တယ်ငွေကြေး) အဖြစ် ပြောင်းလဲခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly