ကပ်ဘေးက ထိုင်းပြည်သူများ၏ ဂျပန်စာ ကြိုက်နှစ်သက်မှုကို မဟန့်တားနိုင် 

ကပ်ဘေးက ထိုင်းပြည်သူများ၏ ဂျပန်စာ ကြိုက်နှစ်သက်မှုကို မဟန့်တားနိုင် 

ထိုင်းနိုင်ငံရှိ ဂျပန်စားသောက်ဆိုင် အရေအတွက်သည် ယခုနှစ်၌ ၁၂ ဒသမ ၆ ရာခိုင်နှုန်း တိုးပြီး ဆိုင်ပေါင်း ၄၀၉၄ အထိ ရှိလာကြောင်း ဂျပန်ပြည်ပကုန်သွယ်ရေးအဖွဲ့အစည်း JETRO က အင်္ဂါနေ့တွင် ပြောသည်။ 

ထို ဆိုင်အရေအတွက်၏ ထက်ဝက်ကျော်ဖြစ်သော ဆိုင်ပေါင်း ၂၁၀၅ ဆိုင်သည် ဘန်ကောက်တွင် တည်ရှိသည်။ ကျန်သော အရေအတွက်မှာ ချောင်ဘူရီနှင့် နွန်သာဘူရီတွင် ၂၅၆ ဆိုင်၊ ချင်းမိုင်တွင် ၁၆၂ ဆိုင်၊ ဆမ်မုပရာကန်တွင် ၁၂၉ ဆိုင်၊ ပတ်သမ်ဌာနီတွင် ၁၀၂ ဆိုင်၊ ဖူးခက်တွင် ၆၉ ဆိုင်၊ ဆောင်ခလာတွင် ၆၈ ဆိုင်၊ နက်ခွန်ရတ်ချာဆီမာတွင် ၆၃ ဆိုင်နှင့် နက်ခွန်ပတ်သွမ်တွင် ၅၆ ဆိုင်တို့ အသီးသီး ရှိသည်။ ဆူရှီစားသုံးမှု မြင့်တက်လာခြင်းသည့် ယခုကဲ့သို့ ဂျပန်စားသောက်ဆိုင်များ အရေအတွက် တိုးပွားလာခြင်း၏ အဓိက အကြောင်းဖြစ်သည်။ 

ဂျပန်စာများကို ထိုင်းပြည်သူများ ပို၍ လျှာတွေ့လာခြင်းကြောင့် ဂျပန်စာ စားသူ နှုန်းထား မြင့်တက်လာခြင်းဖြစ်သည်ဟု JETRO ၏ ဥက္ကဋ္ဌြဖစ်သူ အက်ဆူရှီတာကီတာနီက ပြောသည်။ 

သို့သော် ယှဉ်ပြိုင်မှု မြင့်မားခြင်းနှင့် ကိုဗစ်-၁၉ ကပ်ဘေးကြောင့် ယခုနှစ်အတွင်း ထိုင်းနိုင်ငံတွင် ၂၀၀၇ ခုနှစ်မှ စတင်ကာ အမြင့်ဆုံးအရေအတွက်အဖြစ် ပိတ်ခဲ့ရသည့် စားသောက်ဆိုင်ပေါင်း ၇၂၆ ဆိုင်ရှိနေသည်။ 

ကိုဗစ်-၁၉ လော့ဒေါင်းကြောင့် စားသောက်ဆိုင်များ၏ ရောင်းအားသည် ၂၀ မှ ၃၀ ရာခိုင်နှုန်းကြား ကျဆင်းရာ အများစုမှ လုပ်ငန်းဈေးကွက်မှ ထွက်ခွာမှုဖြစ်စေသည်ဟု တာကီတာနီက ပြောသည်။ ထိုင်းလူကုံထံစားသုံးသူများ၏ ဖောက်သည်အဖြစ် အားပေးခံရသော ဆိုင်များမှာ အလျင်အမြန် ပြန်လည်ဦးမော့သော်လည်း နိုင်ငံခြားခရီးသွားဧည့်သည်များအပေါ် အားထားနေရသည့် ဆိုင်များမှာ ရုန်းကန်နေရဆဲဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောသည်။ 

မရေရာသော အခြေအနေများ ရှိနေသည့်ကြားမှာပင် လာမည့်နှစ်၌ ထိုင်းနိုင်ငံအတွင်း စားသောက်ဆိုင်များ ဖွင့်လှစ်ကြရန် အစီအစဉ်ကို ဂျပန်လုပ်ငန်းရှင်များက JETRO နှင့် ဆက်သွယ်ဆောင်ရွက်နေသည်ဟုလည်း သူက ဆိုသည်။ 

JETRO ကလည်း ‘ဂျပန်စာ စားကြစို့’ ဆိုသည့် အရောင်းမြှင့်တင်ရေးဆောင်ရွက်ရန်အတွက် AIS၊ Gojek နှင့် GrabFood တို့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိနေသည်ဟု တာကီတာနီက ပြောသည်။ 

ယခုနှစ်၌ ဂျပန်နိုင်ငံမှ ထိုင်းနိုင်ငံသို့ ပင်လယ်စာ၊ အမဲသား၊ ပန်းသီး၊ စပျစ်သီးနှင့် ဂျပန်ဆန်အရက်တို့ အများစုဖြစ်သော အစားအစာနှင့် အဖျော်ယမကာ တင်ပို့မှုမှာ ဘတ်ငွေ ၁၀ ဘီလီယံနီးပါး ရှိခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly