နမ်တလုံရေလှောင်တမံအနီး ရွှေမျှောလုပ်ကိုင်ခွင့်ပေးခြင်းအပေါ် ဒေသခံအချို့ ကန့်ကွက် 

နမ်တလုံရေလှောင်တမံအနီး ရွှေမျှောလုပ်ကိုင်ခွင့်ပေးခြင်းအပေါ် ဒေသခံအချို့ ကန့်ကွက် 
ပုံ - ဟုမ္မလင်းမြို့ သင်္ဘောဆိပ်ကို တွေ့ရစဉ်

ရန်ကုန်၊ ဒီဇင်ဘာ ၁၂  

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ နမ်တလုံရေလှောင်တမံအနီးရှိ အဆိုပါ ချောင်းဖျားတွင် ရွှေမျှောလုပ်ကိုင်ခွင့်ပြုထားသဖြင့် ၎င်း လုပ်ငန်းမှ စွန့်ပစ်မြေဇာများကြောင့် နမ်တလုံ ရေအားလျှပ်စစ်စီမံကိန်းမှ ဓာတ်အား ထုတ်လုပ်မှု ထိခိုက်မည်ကိုစိုးရိမ် သဖြင့် မြို့နယ်အဆင့် အုပ်ချုပ်ရေး အဖွဲ့အစည်းထံ ကန့်ကွက်စာ တင်ထားကြောင်း ဒေသခံအချို့ကပြောသည်။ 

အဆိုပါချောင်းဖျားတွင် ရွှေမျှောတိုက်ခွင့်ပေးလိုက်သဖြင့် ၎င်းလုပ်ငန်းမှ ထွက်ရှိလာမည့် စွန့်ပစ်မြေဇာများမှာ ချောင်းနှင့် ရေလှောင်တမံကို ပိတ်ဆိုနိုင်စေပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးကိုပါ ထိခိုက်လာနိုင်သဖြင့် စိုးရိမ်မှုများရှိနေကြခြင်း ဖြစ်ကြောင်းသိရသည်။ 

နမ်တလုံရေလှောင်တမံသည် ခုနစ်မိုင်ခန့်ရှည်လျားသည့် နမ်တလုံချောင်းကို တစ်ဖက်ပိတ် တည်ဆောက်ထား ခြင်းဖြစ်ပြီး ၎င်းရေလှောင်တမံကို အမှီပြု၍တည်ဆောက်ထားသည့် နမ်တလုံရေအားလျှပ်စစ်စီမံကိန်းမှ ထွက်ရှိ သည့်ဓာတ်အားကို အနီးအပါးရှိ ကျေးရွာ ရှစ်ရွာအား ပေးဝေနေခြင်းဖြစ်သည်။  

မူလကပင် ရေစီးရေလာမကောင်းသော အဆိုပါချောင်း၏ ရေစတင်စီးဆင်းရာ နေရာတွင် ရွှေမျှောလုပ်ငန်းကို လုပ်ကိုင်ခွင့်ပေးခဲ့သဖြင့် တမံအတွင်း စီးဝင်လာသည့် ရေစီးရေလာကို နည်းပါးလာနိုင်ပြီး မီးပေးဝေရေးကို ထိခိုက်လာနိုင်သောကြောင့် ဒေသခံများက ကန့်ကွက်ရခြင်းဖြစ်ကြောင်း နမ့်တလုံရေအားလျှပ်စစ်ကော်မတီ ဥက္ကဋ္ဌ ဦးစိန်မောင်က ပြောသည်။   

“မျှောမီပိတ်တယ်လို့တော့ ကျွန်တော်အခု မပြောပါဘူး။ အခုက ဝေးသေးတာကို ဒါပေမယ့် နောင်ကျရင်တော့ သူတို့ရဲ့ မျှောမီခေါ်တာပေါ့။ သဲတွေ နုန်းတွေရောနေတဲ့ဟာတွေ နမ်တလုံချောင်းထဲကို ဆင်းလာမှာလေ။ နောက်ချောင်းထဲကနေ တမံထဲကို ဆင်းလာမှာ၊ နောက်တမံကကောလာမယ် အန္တရာယ်က ကြီးပါတယ်”ဟု ဦးစိန်မောင်က ပြောသည်။  

နမ်တလုံချောင်းဖျားရှိ မြေ လေးဧကခန့်ရှိသည့် နေရာတွင် လငြိမ်းချမ်းကုမ္မဏီကို ရွှေမျှော်လုပ်ငန်း လုပ်ကိုင်ရန် ငါးနှစ် ခွင့်ပြုထားကြောင်း သိရသည်။   

အဆိုပါကုမ္မဏီကို ခွင့်ပြုထားသည့် နေရာတွင်သာ ရွှေမျှောတိုက်ခွင့် ပေးမည်ဖြစ်ပြီး နောက်ထပ် ရွှေမျှောလုပ်ငန်းများ ခွင့်မပြုရန်နှင့် ခွင့်ပြုပြီး လုပ်ငန်းကိုလည်း ရေပိုရေလွှဲနေရာများတွင် လုပ်ကိုင်ခွင့်မပြုရန် ညွှန်ကြားထားကြောင်း ဟုမ္မလင်းမဲဆန္ဒနယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဌေးလွင်က ပြောသည်။   

“လုပ်ကွက်က ကျသွားပြီဆိုတော့လည်း ဘာမှမတတ်နိုင်ဘူး။ အတက်နိုင်ဆုံး အခု ကျွန်တော်အနေနဲ့ ညွှန်ကြားထားတယ်။ ရေပိုရေလွဲနယ်မြေ စီးဆင်းတဲ့ နမ့်တလုံချောင်းကနေ ဆည်ကို စီးဆင်းတဲ့ရေတွေ မပြတ်တောက်ဖို့ နယ်မြေသတ်မှတ်ဖို့ သက်ဆိုင်ရာဌာနတွေကို အဆင့်ဆင့်တင်ပြီး တောင်းဆိုဖို့ ပြောထားပါတယ်”ဟု ၎င်းကပြောသည်။  

နမ်တလုံရေလှောင်တမံကို သိန်းပေါင်း ၈ဝဝဝကျော် အကုန်ကျခံ တည်ဆောက်ခဲ့ကာ ၎င်းရေလှောင်တမံတွင် တည်ဆောက်ထားသည့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး စီမံကိန်းမှ ထွက်ရှိသည့် ဓာတ်အားကို ကျေးရွာ ရှစ်ရွာရှိ  အိမ်ခြေ ၁၄၀၀ ကျော်အား မီးပေးဝေနေခြင်းဖြစ်ကြောင်း သိရသည်။   

ယခုအခါ နမ်တလုံချောင်းဖျားတွင် ရွှေမျှောလုပ်ငန်း စတင်လုပ်ကိုင်နေသည်မှာ လေးလခန့်ရှိပြီဖြစ်ပြီး လက်ရှိတွင်ပေ ၄ဝဝခန့်ရှည်သည့်တွင်းများ တူးထားပြီး ဖြစ်ကြောင်း ဒေသခံများကပြောသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required