တော်ဝင် အသရေဖျက်မှု ဥပဒေ ရုပ်သိမ်းဖို့ ထိုင်းဆန္ဒပြသူတွေ ကုလသမဂ္ဂ အကူအညီရရန် ကြိုးပမ်း 

တော်ဝင် အသရေဖျက်မှု ဥပဒေ ရုပ်သိမ်းဖို့ ထိုင်းဆန္ဒပြသူတွေ ကုလသမဂ္ဂ အကူအညီရရန် ကြိုးပမ်း 
Photo - AFP

ဒီဇင်ဘာ ၁၁ ၊ ၂၀၂၀

ထိုင်းနိုင်ငံမှာ ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူတွေဟာ ကုလသမဂ္ဂ ဘန်ကောက်ရုံးရှေ့မှာ ကြာသပတေးနေ့က စုရုံးခဲ့ကြပြီး တော်ဝင် အသရေဖျက်မှု ဥပဒေကို ရုပ်သိမ်းအောင် တောင်းဆိုကြပါတယ်။ 

တော်ဝင် အသရေဖျက်မှုဥပဒေကို ဒီမိုကရေစီ တက်ကြွလှုပ်ရှားမှုတွေအပေါ် ဖိနှိပ်ထိန်းချုပ်ရာမှာ အသုံးချနေတာဖြစ်တယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောကြပါတယ်။ 

ဆန္ဒပြခေါင်းဆောင် ၂၃ ဦးကိုလည်း ဘုရင်စနစ် ပြုပြင်ပြောင်းလဲရေးနဲ့ တော်ဝင်မိသားစုရဲ့ ဘဏ္ဍာငွေကြေး စီမံခန့်ခွဲမှု ပိုပြီး စိစစ်ဖို့ တောင်းဆိုတာတွေကြောင့် အခု ဥပဒေနဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။ 

ဘုရင့်နိုင်ငံ ထိုင်းနိုင်ငံမှာ တော်ဝင်ဥပဒေဟာ ဘုရင် မဟာဝါဇီရလောင်ကွန်းနဲ့ တော်ဝင်မိသားစုတွေအတွက် ဝေဖန်သူတွေဆီကနေ ကာကွယ်ပေးထားတဲ့ ဥပဒေဖြစ်သလို ဒီ ဥပဒေနဲ့ အပြစ်စီရင်ခံရရင် ထောင်ဒဏ် သုံးနှစ်ကနေ ၁၅ နှစ်အထိ ချမှတ်ခံရနိုင်တာပါ။ 

အခု ကုလသမဂ္ဂ ဘန်ကောက်ရုံးရှေ့ ဆန္ဒပြသူ သုံးလေးဒါဇင်ကြားမှာ တော်ဝင်မိသားစုကို သရော်စာရေးသားခဲ့လို့ ထောင်ဒဏ် ခုနစ်နှစ် ကျခံခဲ့ရဖူးတဲ့ အသက် ၅၉ နှစ်အရွယ် ဆွမ်ယော့ဆိုသူလည်း ပါဝင်ပါတယ်။ 

“ဒီ တော်ဝင်ဥပဒေဟာ ထိုင်းနိုင်ငံမှာ ဘုရင်စနစ်ရဲ့ ပုံရိပ်အတွက်လည်း ကောင်းတဲ့အရာမဟုတ်ပါဘူး။”လို့ သူက သတင်းထောက်တွေကို ပြောပါတယ်။ တော်ဝင် အသရေဖျက်မှု ဥပဒေနဲ့ ထောင်ချခံရသူတွေဟာ ထောင်ထဲမှာ တိရစ္ဆာန်တွေလိုပဲ ဆက်ဆံခံရတယ်လို့ သူက ထပ်လောင်းဆိုပါတယ်။ 

ထိုင်းနိုင်ငံမှာ တော်ဝင်ဥပဒေအရ အကျုံးဝင်တဲ့ ပြစ်မှုတွေဟာ ရာစုတစ်ခုကျော်စာအတွင်း မှတ်တမ်းတွေထဲမှာပဲ စာရင်းသွင်းခဲ့တာ ဖြစ်ပေမယ့် ၁၉၇၆ ခုနှစ်မှာ ဥပဒေဟာ ပိုပြီး အားကောင်းလာခဲ့ပါတယ်။ 

ဘုရင်ရဲ့ သနားကြင်နာစိတ်ကြောင့် ၂၀၁၈ ခုနှစ်ကစပြီး ဒီ ဥပဒေကို အသုံးချတာ နည်းပါးလာခဲ့တယ်လို့ ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက ပြောပေမယ့် ဆန္ဒပြပွဲတွေ လများစွာ ဖြစ်ပွားနေတဲ့အခါမှာတော့ ဒီ ဥပဒေကို ကျင့်သုံးဖို့ ပြီးခဲ့တဲ့လမှာ မီးစိမ်းပြလိုက်တာပဲ ဖြစ်ပါတယ်။ 

ဒီ ဥပဒေကို ကျင့်သုံးလာတာကြောင့် အများစုသော လူငယ်ဒီမိုကရေစီတက်ကြွလှုပ်ရှားသူတွေနဲ့ ဘုရင်စနစ်ကို ထောက်ခံတဲ့ ရှေးရိုးစွဲတွေကြားမှာ ကြီးမားတဲ့ နိုင်ငံရေးစိတ်ဝမ်းကွဲမှု ဖြစ်လာမှာကို စိုးရိမ်မကင်းကြောင်း တော်ဝင်ဥပဒေနဲ့ တရားရင်ဆိုင်နေရတဲ့ ဆန္ဒပြခေါင်းဆောင် ပါရစ်ပင်ဂွင်းချီဝါရတ်က ပြောပါတယ်။ 

“ဒီမိုကရေစီစနစ်မှာ ဥပဒေကို လက်ကိုင်တုတ် လုပ်ပြီး တိုက်ခိုက်တာမျိုးတွေ မလိုဘူး။ ကျွန်တော်တို့ဟာ ကွဲပြားတဲ့ အမြင်တွေနဲ့ အတူတကွ နေထိုင်နိုင်တယ်။”လို့ သူက ပြောပါတယ်။ 

ဒီ ကြာသပတေးနေ့ တစ်နေ့တည်းမှာပဲ ၁၉၇၃ ခုနှစ်က စစ်တပ်ရဲ့ လူအစုလိုက် သတ်ဖြတ်မှုအတွင်း ကျဆုံးခဲ့ရတဲ့ ဒီမိုကရေစီ ထောက်ခံသူတွေအတွက် အထိမ်းအမှတ်အဖြစ် တည်ဆောက်ထားတဲ့ ဘန်ကောက်မော်ကွန်းကျောက်စာတိုင်မှာ ဆန္ဒပြသူ ရာပေါင်းများစွာ စုရုံးခဲ့ကြပါတယ်။ 

“လွတ်လပ်စွာ ပြောဆိုခွင့်က အားလုံးရဲ့ အခွင့်အရေးပဲ။ ဘုရင်နဲ့ တော်ဝင်မိသားစုဟာ ပိုက်ဆံတွေ သုံးနေတယ်ဆိုတာ အမှန်ကတော့ ပြည်သူတွေရဲ့ အခွန်ငွေတွေပဲ။ ပြည်သူငွေတွေကို သူတို့ ဘယ်လို သုံးနေတယ်ဆိုတာ ဝေဖန်ပြောဆိုပိုင်ခွင့် မရှိ ဖြစ်နေရတယ်။”လို့ အသက် ၂၇ နှစ်အရွယ် လေယာဉ်မယ်တစ်ဦးဖြစ်တဲ့ တူဝန်နွန်က အေအက်ဖ်ပီကို ပြောခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly