ထိုင်ဝမ်တာဝေးရေဒါစနစ်သည် တရုတ်တိုက်ခိုက်မှုများအား ဆန့်ကျင်ရန် အဓိကအခန်းကဏ္ဍမှ ပါဝင်လာနိုင်

By AN
10 December 2020
 ထိုင်ဝမ်တာဝေးရေဒါစနစ်သည် တရုတ်တိုက်ခိုက်မှုများအား ဆန့်ကျင်ရန် အဓိကအခန်းကဏ္ဍမှ ပါဝင်လာနိုင်

 ဒီဇင်ဘာ ၁၀

ပဲ့ထိန်းဒုံးကျည်များနှင့် စစ်လေယာဉ်များအား အစောပိုင်းသတိပေးနိုင်သော ထိုင်ဝမ်၏ တာဝေးရေဒါစနစ်သည် လေ့လာသူများအဆိုအရ တောင်တရုတ်ပင်လယ်အတွင်းရှိ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၏ အခြေစိုက်စခန်းမှ အပါအဝင် တိုက်ခိုက်မှုများတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်လာနိုင်သဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရကျွန်းနှင့် အမေရိကန်အတွက် အရေးပါလာသည်။

အမေရိကန်ဒေါ်လာ ၁.၄ဘီလီယံရှိ Precision Acquisition Vehicle Entry Phased Array Warning System သို့မဟုတ် PAVE PAWS အား အမေရိကန်ကုမ္ပဏီ ရေသီယွန်က တည်ဆောက်ခဲ့ကာ ၂၀၁၃ မှ စတင် အသုံးပြုနေပြီဖြစ်သည်။ အကြီးစား ရေဒါစနစ်သည် လက်စ်ဟန် ရှိ ပင်လယ်ရေအမြင့် ၂,၆၀၀ တွင် တည်ရှိပြီး ကီလိုမီတာ ၅၀၀၀ အကွာမှ ပစ်လွှတ်လာသော ဒုံးကျည်အား ခြေရာခံနိုင်ပြီး တရုတ်နှင့် တောင်တရုတ်ပင်လယ်တို့ပင် ရောက်ရှိနိုင်သော အကွာအဝေး ၂,၀၀၀ ကီလိုမီတာမှ ပစ်လွှတ်သော ဒုံးကျည်များအားလည်း ခြေရာခံနိုင်ကြောင်း South China Morning Post က တင်ပြထားသည်။

သို့ရာတွင် PLA အနေဖြင့် ထိုင်ဝမ်အား တိုက်ခိုက်ရန် ရည်ရွယ်ပါက ရေဒါစနစ်သည် ဖျက်စီးရန် အဓိက ဦးစားပေးဖြစ်လာနိုင်သည့် စိုးရိမ်ဖွယ်များ ရှိနေသည်။

 “တရုတ်က တိုက်ခိုက်လာပြီဆို PLA အနေနဲ့ ထိုင်ဝမ်ရဲ့ တိုက်ခိုက်ရေးအချက်အလက်ချိတ်ဆက်စနစ်ကို ဖြတ်တောက်ဖို့အတွက် ရေဒါစနစ်ကို အရင်ဖျက်စီးလိမ့်မယ်”ဟု ထိုင်ဝမ်အငြိမ်းစားထိုင်ဝမ်ဗိုလ်ချုပ်ကြီး
Lafayette-class တိုက်သင်္ဘော တပ်မှူးဟောင်း ဆွန် ဟိုင်တောင် က ဆိုခဲ့သည်။

သို့ရာတွင် ထိုသို့ ဖြစ်ပျက်ခဲ့ပါက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရကျွန်းအတွက် အရေးကြီးသည့် အစောပိုင်း သတိပေးချက်ဖြစ်လာမည်ဟု လေ့လာသုံးသပ်သူများက ဆိုသည်။
 
“Patriot III ဒုံးကျည်ကာကွယ်ရေးစနစ်၊ ပြည်တွင်းမှ ထုတ်လုပ်တဲ့ တာလတ် Tien Kung 2 နဲ့ တာဝေး Tien Kung 3 စတဲ့ ဒုံးကျည်ကာကွယ်ရေး စနစ်တွေ တပ်ဆင်ထားတယ်။ ဒါက အစောပိုင်းကြိုတင်သတိပေးတဲ့ လေယာဉ်တွေနဲ့ တာတိုပစ်ဒုံးကျည်ကာကွယ်ရေးကွန်ယက်မှာ ထပ်ထည့်ထားတာဖြစ်တယ်”ဟု ထိုင်ဝမ်အပြည်ပြည်ဆိုင်ရာ မဟာဗျူဟာလေ့လာရေးအသင်း အကြီးအကဲ Wang Kung-yi ၏ အဆိုကို SCMP က ဖော်ပြထားသည်။
သူကဆက်လက်၍ PLA အား နေရာအား အတိအကျ ရှာတွေ့ခြင်းမှ ကာကွယ်ရန် GPS ကြားဝင်နှောင့်ယှက်စနစ်လည်းရှိကြောင်း ပြောခဲ့သည်။
 
“ထောက်လှမ်းရေးတွေကို အမေရိကန်နဲ့ အချိန်နဲ့တစ်ပြေးညီ မျှဝေတယ်ဆိုတာက လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း တောင်တရုတ်ပင်လယ်အတွင်း ရေငုပ်သင်္ဘောတစ်စု တည်ထားခဲ့တဲ့ PLA ရဲ့ ရုတ်တရတ် ရေအောက် ဒုံးကျည်တိုက်ခိုက်မှုတွေကို ခြေရာခံနိုင်ပြီး ပြန်လည်တိုက်ခိုက်နိုင်ဖို့ အကူအညီဖြစ်တယ်”ဟု တိုင်ပေရှိ Tamkang တက္ကသိုလ်မှ မဟာဗျူဟာလေ့လာရေးပါမောက္ခ Su Tzu-yun က ပြောခဲ့သည်။

South China Morning Post အရ ဝေဖန်သူများသည် ၎င်းအား အမေရိကန်အတွက် တည်ဆောက်ပေးသော ရေဒါစက်ရုံဟု ခေါ်ဆိုခဲ့ပြီး ထိုင်ဝမ်သည် စက်ရုံအားထိန်းသိမ်းရန် တစ်နှစ်အတွင်း ထိုင်ဝမ်ဒေါ်လာ သန်း ၇၀၀ ခန့် သုံးစွဲခဲ့သောကြောင့် ထိုစနစ်၏ ကုန်ကျစရိတ်ကိုလည်းမေးခွန်းထုတ်ခဲ့ကြောင်း သိရသည်။
 
တိုက်ခိုက်မှုများအနက် တစ်ခုဖြစ်သော ထိုင်ဝမ်သမ္မတ ဆိုင်ယင်ဝမ်က ‘အင်အားသုံးခြိမ်းခြောက်မှု’ဟု ခေါ်ဆိုထားသည့် စက်တင်ဘာ ၁၈-၁၉ တွင် ပြည်မနှင့် ထိုင်ဝမ်အကြား ကြားမျဉ်းသို့ စစ်လေယာဉ်ပေါင်း ၄၀ ခန့် ဖြတ်သန်းသွားခဲ့သည့် ဖြစ်ရပ်နှင့်အတူ တရုတ်သည် ယမန်နှစ်များအတွင်း ထိုင်ဝမ်တစ်ဝိုက် စစ်ရေးလေ့ကျင့်မှုများ တိုးမြှင့်လုပ်ဆောင်နေသောကြောင့် ယင်းဖွံ့ဖြိုးတိုးတက်မှု ပေါ်ပေါက်လာခြင်းဖြစ်သည်။
 
တစ်ဖက်တွင်မူ တိုင်ပေသည် အမေရိကန်ပြည်ထောင်စုအပါအဝင် ဒီမိုကရေစီနိုင်ငံများနှင့် မဟာဗျူဟာမြောက် ဆက်ဆံရေးများ တိုးမြှင့်ခြင်းအားဖြင့် တရုတ်၏ ကျူးကျော်မှုကို တန်ပြန်နိုင်ခဲ့သည်။

တစ်ချိန်တည်းတွင် တရုတ်နှင့် အမေရိကန်တို့သည် မကြာသေးမီကာလများအတွင်း အရေးကိစ္စများစွာတွင် ပါဝင်ပတ်သတ်လျက်ရှိသည်။ တရုတ်၏ ဟောင်ကောင်တွင် အမျိုးသားလုံခြုံရေးဥပဒေပြဌာန်းရန် လှုပ်ရှားမှု၊ ရှင်ကျန်းတွင် လူ့အခွင့်အရေးချိုးဖောက်မှုနှင့် တောင်တရုတ်ပင်လယ်အတွင်း နယ်မြေကျူးကျော်ခြင်းများအား ဝါရှင်ထန်မှ ပြင်းထန်စွာ ဝေဖန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly