ဘန်ကောက် ဒရုန်းအလှပြတင်ဆက်ပွဲမှာ လူသောင်းချီ စုဝေးပြီး ထိုင်းဘုရင့်မိသားစုကို ထောက်ခံကြောင်း ပြသ 

ဘန်ကောက် ဒရုန်းအလှပြတင်ဆက်ပွဲမှာ လူသောင်းချီ စုဝေးပြီး ထိုင်းဘုရင့်မိသားစုကို ထောက်ခံကြောင်း ပြသ 

ဒီဇင်ဘာ ၆ 

ထိုင်းနိုင်ငံမှာ နတ်ရွာစံဘုရင် ဘူမိဘောကို ဂုဏ်ပြုလေးစားကြောင်း ပြသတဲ့ ဒရုန်းအလှပြတင်ဆက်ပွဲတစ်ခု ယမန်နေ့ ဒီဇင်ဘာ ၅ ရက်က ပြုလုပ်ခဲ့ရာမှာ ဘုရင့်မိသားစု ထောက်ခံသူပေါင်း သောင်းနဲ့ချီ စုရုံးတက်ရောက်ခဲ့ကြပါတယ်။ 

ဒါဟာ ယင်းနိုင်ငံမှာ ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြပွဲတွေ လများစွာနဲ့ချီ ဖြစ်ပေါ်ခဲ့ပြီးနောက် ဖိအားတွေအောက် ကျရောက်နေတဲ့ ဘုရင့်မိသားစုဘက်ကနေ ရပ်တည်ကြောင်း ပြသတဲ့ အင်အားပြသမှုတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ 

ဇူလိုင်လနောက်ပိုင်း ဆန္ဒပြသူတွေဟာ ထိုင်းဘုရင်စနစ် ပြုပြင်ပြောင်းလဲဖို့ မကြုံစဖူး တောင်းဆိုမှုတွေ ပြုလုပ်ထားခဲ့ကြပါတယ်။ ဒါဟာ ဓနဥစ္စာ အလွန်ကြွယ်ဝတဲ့ တော်ဝင်မိသားစုတစ်စုကို ကာလကြာ ထိလို့ မရနိုင်ခဲ့တဲ့ နိုင်ငံတစ်နိုင်ငံမှာ မလုပ်အပ်၊ မပြောအပ်လို့ တားမြစ်ထားတဲ့ အရာတစ်ခုကို ရိုက်ချိုးလိုက်တဲ့ တောင်းဆိုမှုတစ်ခုလည်း ဖြစ်ပါတယ်။ 

ဒါပေမယ့် ဒီဇင်ဘာ ၅ ရက် ဘန်ကောက်မြို့က အခမ်းအနားမှာတော့ လက်ရှိ ထိုင်းဘုရင်ကို ထောက်ခံသူတွေဟာ အင်အားအလုံးအရင်းနဲ့ ထွက်ပေါ်လာခဲ့ကြပြီး အဝါရောင်တွေ ဝတ်ဆင်ထားခဲ့ကြကာ ဘုရင့်မိသားစုဝင်တွေရဲ့ ဓာတ်ပုံတွေ ကိုင်ထားခဲ့ကြပါတယ်။  

၎င်းတို့ဟာ ဘန်ကောက်မြို့က တော်ဝင်နန်းတော်အပြင်ဘက် စနမ်လွန် ကွင်းကြီးထဲမှာ ပြုလုပ်တဲ့ ဖယောင်းတိုင်မီးထွန်း ပွဲတစ်ခုနဲ့ ဒရုန်း အလှပြတင်ဆက်ပွဲတို့ကို စုဝေးတက်ရောက်ခဲ့ကြပါတယ်။ 

အခမ်းအနားကို ထိုင်းဘုရင် မဟာဝီဇယလောင်ကွန်း၊ မိဖုရား ဆုသီတာ၊ မင်းသမီးတွေဖြစ်ကြတဲ့ သီရိဗန်နာဗာရီ နဲ့ ဘက်ဂျ်ရာကီတီယာဘာ တို့အပြင် ဘုရင့်ကြင်ယာတော် ဆီနီးနတ် ဝုန်ဗာရာပက်ဒီ တို့ ကားတစ်စီးနဲ့ ရောက်လာတာကို စောင့်ဆိုင်းနေခဲ့ကြချိန် တက်ရောက်လာသူအများအပြားက “ဘုရင်မင်းမြတ် သက်တော်ရာကျော် ရှည်ပါစေ” လို့ အော်ဟစ်နေခဲ့ကြပါတယ်။ 

အဲဒီနောက် ဘုရင့်မိသားစုဟာ အနီရောင် အခမ်းအနားပွဲတက် အဝတ်အစားတွေနဲ့ အနက်ရောင် သားမွေးဦးထုပ်ရှည်တွေ ဝတ်ထားတဲ့ တော်ဝင် အစောင့်အကြပ်တွေ ခြံရံလျက် ရောက်လာခဲ့ပါတယ်။ 

“ဒီမိုကရေစီ ဆန္ဒပြပွဲတွေကို ကျွန်တော်တို့ တော်တော်လေး စိတ်ပျက်မိပါတယ်၊ ဘာလို့လဲဆိုတော့  ဘုရင်စနစ်ဆိုတာ ထိုင်းယဉ်ကျေးမှုမှာ တော်တော့်ကို နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတာပါ၊ ဒါကြောင့်လည်း ဘုရင့်အပေါ် လူငယ်မျိုးဆက်သစ်တွေရဲ့ ပြုမူလုပ်ဆောင်နေပုံတွေကို ကျွန်တော်တို့ လက်မခံနိုင်တာဖြစ်ပါတယ်” လို့ အသက် ၄၄ နှစ်အရွယ် အွန်နာပါ မာလိုင်စရီက အေအက်ဖ်ပီကို ပြောသွားပါတယ်။ 

ယမန်နေ့ စနေနေ့ကတော့ ထိုင်းနိုင်ငံမှာ အတော်များများ ကြည်ညိုလေးစားခံရပြီး ၂၀၁၆ ခုနှစ်က နတ်ရွာစံသွားခဲ့တဲ့ ဘုရင် ဘူမိဘောရဲ့ မွေးနေ့ အထိမ်းအမှတ်ကျရောက်တဲ့နေ့ဖြစ်ပါတယ်။ 

ထိုင်းနိုင်ငံမှာ ဖခင်များနေ့နဲ့ တစ်နေ့တည်း ကျရောက်တဲ့ ဒီလို အခိုက်အတန့်မှာ အကျဉ်းသား သောင်းချီ တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့် ရကြတာ ဒါမှမဟုတ် ထောင်ဒဏ်သက်တမ်းတွေ လျှော့ချခံရတာတွေ ရှိပါတယ်။ 

“ဒီနေ့ကတော့ နတ်ရွာစံ ဘုရင် ဘူမိဘော အဒူလျာဒက်ဂျ် သူ့လက်ထက်မှာ ကျွန်ုပ်တို့အပေါ် ပြသသွားခဲ့တဲ့ စေတနာသဒ္ဓါတရားနဲ့ ကြင်နာသနားဂရုဏာထားရှိမှုတို့ကို ကျွန်ုပ်တို့ အမှတ်ရ၊ လေးစားတန်ဖိုးထားကြောင်း ပြသရမယ့် နေ့ဖြစ်ပါတယ်” လို့ ထိုင်းဘုရင်က မိန့်ခွန်းတစ်ခုထဲမှာ ပြောခဲ့ပါတယ်။ 

အဲဒီနောက် နတ်ရွာစံ ဘုရင်ရဲ့ မျက်နှာပုံကို ဒရုန်းတွေနဲ့ ကောင်းကင်ယံမှာ ပုံဖော်တင်ဆက်ပြသခဲ့ရာမှာတော့ တက်ရောက်လာသူအချို့ ငိုခဲ့ကြပါတယ်။ 

ဒါပေမယ့် ဖခင်များနေ့ဟာ ဘုရင်စနစ်နဲ့ ဘယ်လိုကြောင့် ချိတ်ဆက်ပတ်သက်နေခဲ့တာလဲ ဆိုပြီး ဒီမိုကရေစီ လိုလားတဲ့ ထောက်ခံသူတွေက တွစ်တာပေါ်မှာ မေးခွန်းထုတ်ခဲ့ကြပါတယ်။ 

သက်တော် ၆၈ နှစ်ရှိ ထိုင်းဘုရင်ကတော့ ထိုင်းနိုင်ငံရဲ့ သြဇာအာဏာ အထွတ်အထိပ်မှာ ရှိနေပြီး တော်ဝင်ဘုရင့်မိသားစုရဲ့ ကြွယ်ဝမှုဟာ ဒေါ်လာ ၅၀ ဘီလီယံနဲ့ ၇၀ ဘီလီယံ အကြား ရှိမယ်လို့ အကဲဖြတ်တွေက ခန့်မှန်းတွက်ချက်ကြပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly