ဒီဇင်ဘာ ၁
တရုတ်နိုင်ငံမှာ တနင်္ဂနွေနေ့က ရှန်ဟိုင်းနိုင်ငံတကာမာရသွန်ပြိုင်ပွဲကျင်းပခဲ့ပြီး အပြေးသမား ၉ ၀၀၀ ခန့် ပါဝင်ဆင်နွှဲခဲ့ကြတယ်လို့ တရုတ်မီဒီယာတွေမှာ ဖော်ပြထားပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် အားကစားပြိုင်ပွဲအများစု ရပ်တန့်ထားရတဲ့ ဒီနှစ်အတွင်းမှာ ရှားရှားပါးပါး လူအုပ်စုလိုက်ပါဝင်တဲ့ အားကစားပွဲ ကျင်းပခဲ့တာဖြစ်ပါတယ်။
တစ်ကမ္ဘာလုံးမှာ ကိုဗစ်-၁၉ ကပ်ရောဂါရင်ဆိုင်နေရပေမယ့် တရုတ်နိုင်ငံဟာ ဘယ်လိုမျိုး ရှင်သန်လှုပ်ရှားနေတယ်ဆိုတာ ပြသဖို့ အခွင့်အရေးတစ်ခုဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြေးပွဲမကျင်းပမီကတည်းက အမွှန်းတင်ဆော်ဩခဲ့ကြပါတယ်။
ဂုဏ်သတင်းကျော်ကြားတဲ့ နယူးယောက်၊ ဘာလင်၊ ဘော်စတွန်နဲ့ ချီကာဂိုစတဲ့ မာရသွန်ပွဲတွေအားလုံးဟာလည်း ဒီနှစ်မှာ ကိုရိုနာဗိုင်းရပ်စ်ရဲ့သားကောင်ဖြစ်ခဲ့ကြရပြီး လန်ဒန်နဲ့ တိုကျိုမာရသွန်ပွဲတွေကတော့ လက်ရွေးစင်အပြေးသမားတွေနဲ့သာ ကျင်းပခဲ့ပါတယ်။
ရှန်ဟိုင်းမှာ ရက်ပေါင်းများစွာမိုးရွာပြီးတဲ့နောက် နေသာတဲ့နေ့ နိုဝင်ဘာ ၃၀ ရက်မှာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးစည်းမျဉ်းတွေနဲ့အတူ မာရသွန်ပြိုင်ပွဲ ကျင်းပခဲ့တာဖြစ်ပါတယ်။
ရှန်ဟိုင်းမှာ မကြာသေးမီက ဒေသတွင်းရောဂါကူးစက်မှုတွေ ခပ်ကျဲကျဲ တွေ့ကြုံခဲ့ရပေမယ့် တင်းကျပ်တဲ့လော့ဒေါင်းနဲ့ ရောဂါစမ်းသပ်မှုအများအပြားလုပ်ဆောင်ခဲ့တဲ့အတွက် ထိန်းချုပ်နိုင်ခဲ့ပါတယ်။
မာရသွန်အပြေးသမားတွေဟာ ပြိုင်ပွဲမှာပါဖို့ ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးမှုပြုလုပ်ရပြီး ပြေးပွဲမတိုင်မီနဲ့ပြီးပြီးချင်းမှာ ပါးစပ်နှာခေါင်းစည်းတပ်ဆင်ရပါတယ်။ တချို့အပြေးသမားတွေကတော့ ပြိုင်ပွဲတစ်လျှောက်လုံး နှာခေါင်းစည်းတပ်ထားကြပါတယ်။
ပြီးခဲ့တဲ့ ရှန်ဟိုင်းမာရသွန်ပြိုင်ပွဲမှာ အပြေးသမား ၃၈ ၀၀၀ ဦး ပါဝင်ဆင်နွှဲခဲ့ပေမယ့် ဒီနှစ်မှာတော့ ၉ ၀၀၀ ဝန်းကျင်သာ ရှိခဲ့ပါတယ်။
ပြည်ပက အပြေးသမားတွေလည်း မပါဝင်ဖြစ်ခဲ့ဘဲ ပွဲကြည့်ပရိသတ်တွေကို ခပ်ဝေးဝေးကနေ ကြည့်ရှုခိုင်းခဲ့ပါတယ်။