ဒီဇင်ဘာ ၁
ထိုင်းနိုင်ငံရဲ့ တော်ဝင်မိသားစုအသရေဖျက်မှုဆိုင်ရာဥပဒေအရ ဒီမိုကရေစီထောက်ခံတဲ့ ဆန္ဒပြလှုပ်ရှားမှုမှာ အဓိကဝင်ဦးဆောင်သူ ငါးဦးကို ထိုင်းရဲတွေက တနင်္လာနေ့မှာ တရားစွဲဆိုလိုက်ပါတယ်။
ဘုရင် မဟာဝါဇီရလောင်ကွန်းကို ဝေဖန်ခြင်းကနေ အကာအကွယ်ပေးထားတဲ့ ပုဒ်မ ၁၁၂ ဟာ ကမ္ဘာပေါ်မှာ ဘုရင်စနစ်ကိုအကာအကွယ်ပေးထားတဲ့ အပြင်းထန်ဆုံး ပြစ်မှုဆိုင်ရာဥပဒေထဲက တစ်ခုဖြစ်ပါတယ်။
ပြီးခဲ့တဲ့လပေါင်းများစွာအတွင်း ဒီမိုကရေစီလှုပ်ရှားမှု ဆန္ဒပြခေါင်းဆောင်တွေဟာ အဆိုပါဥပဒေဖျက်သိမ်းရေးအပါအဝင် ဘုရင်စနစ်ကို ပြုပြင်ပြောင်းလဲဖို့ တောင်းဆိုခဲ့ကြပါတယ်။
ဘုရင်စနစ်ပြုပြင်ပြောင်းလဲဖို့ စုဝေးပွဲတွေလုပ်ခဲ့တဲ့ လူအခွင့်အရေးလှုပ်ရှားသူ Anon Numpa အပါအဝင် ဆန္ဒပြပွဲခေါင်းဆောင် ငါးဦးတို့ဟာ စစ်ဆေးမေးမြန်းခံဖို့ နိုဝင်ဘာ ၃၀ ရက်က ဘန်ကောက်ရဲစခန်းဆီ ရောက်လာခဲ့ကြပါတယ်။
ရဲတွေက သူတို့ကို ပုဒ်မ ၁၁၂ နဲ့ တရားစွဲဆိုတာဖြစ်ပြီး ငါးယောက်စလုံးက စွဲချက်ကို ငြင်းဆိုခဲ့တယ်လို့ Anon က ရဲစခန်းကအထွက်မှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
ဆန္ဒပြပွဲဦးဆောင်သူတွေဟာ စက်တင်ဘာလက စုဝေးပွဲအတွက် တရားစွဲဆိုခံထားရတာဖြစ်ပြီး ပြစ်ဒဏ်ထင်ရှားပါက စွဲချက်တစ်ခုစီအတွက် ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်ခံရဖွယ်ရှိပါတယ်။
ထိုင်းဘုရင်စနစ်ကို အကာအကွယ်ပေးထားတဲ့ဥပဒေဟာ နိုင်ငံရေးအမြင်မတူသူတွေကို ဖိနှိပ်ဖို့အသုံးပြုတဲ့လက်နက်တစ်ခုဖြစ်တယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ပြောပါတယ်။
၂၀၁၄ ခုနှစ်က ထိုင်းနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အဆိုပါဥပဒေကိုအသုံးပြုမှုဟာ အရှိန်ရလာခဲ့ပြီး အာဏာသိမ်းအစိုးရလက်ထက်မှာ ပြစ်မှုထင်ရှားစီရင်မှု ခြောက်ခုကနေ ၁၆၉ ခုအထိ မြင့်တက်ခဲ့တာဖြစ်ပါတယ်။