ထိုင်းဆန္ဒပြပွဲတွေမှာ ‘စစ်အာဏာသိမ်းမှု တားဆီးရေး’ မဟာဗျူဟာတွေကို ဇာတ်တိုက်လေ့ကျင့် 

ထိုင်းဆန္ဒပြပွဲတွေမှာ ‘စစ်အာဏာသိမ်းမှု တားဆီးရေး’ မဟာဗျူဟာတွေကို ဇာတ်တိုက်လေ့ကျင့် 
Photo - AFP

နိုဝင်ဘာ ၂၈

ထိုင်းနိုင်ငံမှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေရဲ့ နောက်ဆုံးထွက်ပေါ်လာတာအဖြစ် ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူ ထောင်ပေါင်းများစွာဟာ ဘန်ကောက်က အဓိက လမ်းဆုံတစ်ခုကို ပိတ်ဆို့လိုက်ကြပြီး ‘စစ်အာဏာသိမ်းမှု တားဆီးကာကွယ်ရေး’ မဟာဗျူဟာတွေအတွက် ဇာတ်တိုက်လေ့ကျင်ကြပါတယ်။ 

ထိုင်းနိုင်ငံအနေနဲ့ ဖွဲ့စည်းပုံသစ် ရေးဆွဲရေး၊ အထိမခံတဲ့ ဘုရင်စနစ် ပြုပြင်ပြောင်းလဲရေးနဲ့ ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ နုတ်ထွက်ရေးတွေကို တောင်းဆိုကြတဲ့ လူငယ်တွေ ဦးဆောင်တဲ့ ဆန္ဒပြပွဲတွေ လေးလကြာမက ဖြစ်ပွားပေါ်ပေါက်နေတာလည်း ဖြစ်ပါတယ်။ 

၂၀၁၄ အာဏာသိမ်းမှုနဲ့အတူ အုပ်ချုပ်လာတဲ့ ပရာယွတ် ချန်အိုချာဟာ နုတ်ထွက်တာ ဒါမှမဟုတ် မာရှယ်လော ပြဋ္ဌာန်းမယ့် အလားအလာတွေနဲ့ ပတ်သက်ပြီး အခု သီတင်းပတ်မှာ လျှောချပြောဆိုခဲ့ပါတယ်။ 

မြို့တော်ဘန်ကောက် မြောက်ဖက်က မိုးပျံလမ်းတစ်လမ်းရဲ့ အရိပ်အောက်မှာ ဆန္ဒပြသူ ၅၀၀၀ နီးပါး စုရုံးဆန္ဒပြကြရာမှာ လှုပ်ရှားမှုတွေရဲ့ သင်္ကေတတစ်ခုဖြစ်လာတဲ့ အဝါရောင်ဘဲရုပ်တွေအပြင် လေသွင်းထားတဲ့ ဆန်တာကလော့စ်အရုပ်တွေကိုပါ ကိုင်ဆောင်ထားကြပါတယ်။ 

နောက်ဆုံး အာဏာသိမ်းမှုဟာ နိုင်ငံကို ဒုက္ခရောက်စေတော့တာပဲလို့ ဘန်ကောက်က ရုံးဝန်ထမ်းအမျိုးသမီးတစ်ဦးဖြစ်တဲ့ အသက် ၃၂ နှစ်အရွယ် နာတာလီက ပြောပြီး တိုင်းပြည်အနေနဲ့ ဒီလိုပဲ ထပ်အဖြစ် မခံသင့်တော့ဘူးဆိုပြီး သတိပေးပါတယ်။ 

“အခုအချိန်ဟာ ဘန်ကောက်နဲ့ ထိုင်းနိုင်ငံမှာ အကျပ်အတည်း တွေ့နေချိန်ပါ။ ကျွန်မအနေနဲ့ ရွေးကောက်ပွဲသစ်နဲ့ ဝန်ကြီးချုပ် အပြောင်းအလဲကို မြင်ချင်တယ်။ ပြည်သူတွေရဲ့ အသံကို တကယ်နားထောင်မယ့် အစိုးရသစ်ကို လိုချင်တယ်။”လို့ သူက အေအက်ဖ်ပီကို ပြောပါတယ်။ 

‘စစ်အာဏာသိမ်းမှု တားဆီးရေး’ လေ့ကျင့်မှုလို့ ခေါ်တဲ့ ဒီ ဆန္ဒပြပွဲရဲ့ တစ်စိတ်တစ်ပိုင်းမှာ ဆန္ဒပြသူတွေဟာ ရေကူးကန်တွေမှာ သုံးကြတဲ့ လေသွင်းဘဲရုပ်တွေကို ခေါင်းတွေပေါ်ကနေ သယ်ဆောင်ဖြတ်သန်းစေပါတယ်။ ထိုင်းနိုင်ငံရေး မျက်နှာစာမှာ စစ်တပ်က နေရာယူထားပြီး ပြည်သူတွေပေါ်မှာ ရှိနေတာကို ကိုယ်စားပြုပြီး လုပ်ဆောင်ကြတာ ဖြစ်ပါတယ်။ 

အခြား ဆန္ဒပြအုပ်စုတစ်ရပ်ကလည်း ပြီးခဲ့တဲ့ အာဏာသိမ်းမှုတွေမှာ ဦးဆောင်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးတွေရဲ့ ပုံတွေကို ကိုင်ဆောင်လာကြပြီး မီးရှို့ပစ်ကြပါတယ်။ 

အာဏာသိမ်းမယ့် ကောလဟလတွေကို စစ်ဦးစီးချုပ် နာရွန်ဖန်က ပယ်ချပြီး အစိုးရကို ဖြုတ်ချမယ်ဆိုတဲ့ အလားအလာဟာ ဖြစ်နိုင်ခြေ သုညအောက်မှာတောင် မရှိဘူးလို့ ပြောပါတယ်။ 

လက်ရှိကာလမှာ နောက်ထပ် အာဏာသိမ်းမှု မဖြစ်နိုင်ဘူးလို့ နိုင်ငံရေးသိပ္ပံပညာရှင် တီတီပိုက ယုံကြည်ပြောဆိုပါတယ်။ “ပရာယွတ်က ကွန်ဆာဗေးတစ်တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေရဲ့ ခိုင်ခိုင်မာမာ ထောက်ခံမှု ရထားဆဲဖြစ်တာမို့ ဖြုတ်ချခံရလိမ့်မယ်လို့ ကျွန်တော်တော့ မထင်ဘူး။”ဆိုပြီး သူက အေအက်ဖ်ပီကို ပြောပါတယ်။ 

ဒါပေမယ့် ၁၉၃၂ ခုနှစ်မှာ ဒီမိုကရေစီနိုင်ငံအဖြစ် ထွက်ပေါ်လာပြီးချိန်ကစပြီး ထိုင်းနိုင်ငံမှာ အာဏာသိမ်းမှု တစ်ဒါဇင်မက ကြုံတွေ့ခဲ့တဲ့ သမိုင်းကြောင်း ရှိတာကြောင့် ဇူလိုင်လအတွင်းက စတင်ဖြစ်ပွားတဲ့ လက်ရှိ ဆန္ဒပြပွဲတွေကြောင့် စစ်အာဏာသိမ်းမယ့် ကောလဟလတွေကို လောင်စာထိုးပေးလျက် ရှိနေပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly