အိန္ဒိယမှာ လယ်ယာမြေပြုပြင်ပြောင်းလဲရေးဆန့်ကျင်တဲ့တောင်သူတွေနဲ့ ရဲတွေ ပဋိပက္ခဖြစ်  

အိန္ဒိယမှာ လယ်ယာမြေပြုပြင်ပြောင်းလဲရေးဆန့်ကျင်တဲ့တောင်သူတွေနဲ့ ရဲတွေ ပဋိပက္ခဖြစ်  
Photo - AFP

နိုဝင်ဘာ ၂၇  

အိန္ဒိယမှာ လယ်ယာမြေပြုပြင်ပြောင်းလဲမှုဥပဒေကို ဆန့်ကျင်တဲ့ တောင်သူလယ်သမားထောင်ပေါင်းများစွာက နိုဝင်ဘာ ၂၆ ရက်က နယူးဒေလီမြို့ကို ချီတက်ဆန္ဒပြကြရာ ရဲတွေက မျက်ရည်ယိုဓာတ်ငွေ့တွေ၊ မီးသတ်ပိုက်တွေနဲ့ ဟန့်တားနှောင့်ယှက်ခဲ့လို့ ရဲနဲ့ဆန္ဒပြသူလယ်သမားတွေအကြား ခိုက်ရန်ဖြစ်ပွားခဲ့ပါတယ်။ 

မြောက်ပိုင်းပန်ဂျပ်ပြည်နယ်က တောင်သူလယ်သမားတွေဟာ နယူးဒေလီကနေ ကီလိုမီတာ ၂၀၀ (မိုင် ၁၂၀) ဝေးတဲ့ တံတားတစ်စင်းကိုဖြတ်နေစဉ် ရဲတွေက လယ်သမားတွေကို တားဆီးဖို့ကြိုးစားခဲ့ရာမှာ ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။  

လယ်သမားအချို့ဟာ တုတ်နဲ့ကျောက်တုံးကျောက်ခဲတွေကို ကိုင်ဆောင်ထားကြပြီး ရဲတွေချထားတဲ့ အတားအဆီးတွေကို မြစ်ထဲ လွှင့်ပစ်ခဲ့ကြပါတယ်။ ရဲတွေက မျက်ရည်ယိုဓာတ်ငွေ့တွေ၊ မီးသတ်ပိုက်တွေသုံးကာ နှိမ်နင်းခဲ့လို့ ဆန္ဒပြတောင်သူတွေကို ပိုမိုဒေါသထွက်စေခဲ့ပါတယ်။  

နှစ်နာရီကြာ လိပ်ခဲတည်းလည်းအခြေအနေဖြစ်ပြီးနောက် ဆန္ဒပြတောင်သူလယ်သမားတွေကို နယူးဒေလီဆီ ဆက်လက် ချီတက်ခွင့် ပေးခဲ့ပါတယ်။ 

အိန္ဒိယမှာ လယ်သမားတွေရဲ့ ဆင်းရဲဒုက္ခဟာ အဓိကနိုင်ငံရေးပြဿနာတစ်ခုဖြစ်ပြီး ကျေးလက်နေပြည်သူ ၇၀ ရာခိုင်နှုန်းလောက်က စိုက်ပျိုးရေးကို အဓိက မှီခိုအားထားနေကြတာဖြစ်ပါတယ်။  

မိုးခေါင်ရေရှားမှုနဲ့ အကြွေးနွံနစ်မှုကြောင့် ပြီးခဲ့တဲ့နှစ်တွေအတွင်းက ကိုယ့်ကိုယ်ကို အဆုံးစီရင်တဲ့ လယ်သမားထောင်ပေါင်းများစွာ ရှိခဲ့ပါတယ်။  

ဒီနှစ်အစာပိုင်းက အတည်ပြုလိုက်တဲ့ လယ်ယာမြေပြုပြင်ပြောင်းလဲရေးဥပဒေသစ်အရ တောင်သူတွေဟာ သူတို့ရဲ့ထွက်ကုန်တွေကို အစိုးရထိန်းချုပ်တဲ့ သတ်မှတ်ဈေးနဲ့ရောင်းချရမယ့်အစား ကြိုက်ရာဈေးနှုန်းနဲ့ မည်သူ့ကိုမဆို လွတ်လပ်စွာ ရောင်းချခွင့်ရှိမှာဖြစ်ပါတယ်။ 

အိန္ဒိယဝန်ကြီးချုပ်နရိန္ဒြာမိုဒီက ဥပဒေသစ်ဟာ လယ်သမားသန်းပေါင်းများစွာကို လုပ်ပိုင်ခွင့်ပေးပြီး အများအပြားလိုအပ်တဲ့ရင်းနှီးမြှုပ်နှံမှုနဲ့ခေတ်မီတိုးတက်ရေးကို အားပေးရာရောက်တဲ့ စိုက်ပျိုးရေးကဏ္ဍအလုံးစုံပြောင်းလဲမှုအဖြစ် ကြိုဆိုခဲ့ပါတယ်။  

ဒါပေမယ့် ပန်ဂျပ်ပြည်နယ်မှာ အာဏာရှိပြီး ဆန္ဒပြသူတွေကို ထောက်ခံတဲ့ အတိုက်အခံကွန်ဂရက်ပါတီက လယ်ယာမြေဥပဒေသစ်ကြောင့် တောင်သူလယ်သမားတွေဟာ လုပ်ငန်းရှင်ကြီးတွေရဲ့ ပြုသမျှနုရမယ့်အခြေအနေဖြစ်စေခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။  

အိန္ဒိယတောင်သူတွေဟာ ပြီးခဲ့နှစ်လကလည်း ပန်ဂျပ်ပြည်နယ်မှာ ရထားလမ်းတွေပိတ်ဆို့ကာ ဆန္ဒပြခဲ့ကြပါသေးတယ်။  

ကြာသပတေးနေ့က ဖြစ်ပွားခဲ့တဲ့ ရဲနဲ့လယ်သမားတွေအကြား လိပ်ခဲတည်းလည်းအခြေအနေကြောင့် နယူးဒေလီနဲ့ ပြည်နယ်များစွာကိုဆက်သွယ်ထားတဲ့ အိန္ဒိယရဲ့ အသွားအလာများလှတဲ့ အဝေးပြေးလမ်းမကြီးတွေထဲက တစ်ခုမှာ ရှည်လျားတဲ့ယာဉ်တန်းပိတ်ဆို့မှုကြီး ဖြစ်ပွားခဲ့ပါတယ်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required