တော်ဝင်ထီးနန်း ဓနစည်းစိမ်ကို ပစ်မှတ်ထားပြီး ထိုင်းမှာ ဆန္ဒပြ 

တော်ဝင်ထီးနန်း ဓနစည်းစိမ်ကို ပစ်မှတ်ထားပြီး ထိုင်းမှာ ဆန္ဒပြ 
Photo - AFP

 နိုဝင်ဘာ ၂၆ ၊ ၂၀၂၀

ဘန်ကောက်မှာ ထိုင်းဒီမိုကရေစီ တက်ကြွလှုပ်ရှားသူ ထောင်ပေါင်းများစွာဟာ ဘုရင်အနေနဲ့ တော်ဝင်ထီးနန်းရဲ့ ဓနစည်းစိမ် အမေရိကန်ဒေါ်လာ ဘီလီယံပေါင်းများစွာကို ထိန်းချုပ်ထားတာကို စွန့်လွှတ်ဖို့ ဗုဒ္ဓဟူးနေ့မှာ တောင်းဆိုဆန္ဒပြကြပါတယ်။ 

ခုလို ဆန္ဒပြလှုပ်ရှားမှုဟာ တစ်ချိန်က မထိရဲ မတို့ရဲခဲ့တဲ့ ဘုရင်ပိုင် ဓနစည်းစိမ်များစွာကို တိုက်ရိုက်ဆန့်ကျင်တောင်းဆိုလာကြတာပဲ ဖြစ်ပါတယ်။ 

ဆန္ဒပြလှုပ်ရှားမှုတွေရဲ့ သင်္ကေတဖြစ်လာတဲ့ အဝါရောင် ဘဲရုပ်ကို တော်တော်များများ ကိုင်ဆောင်ဝှေ့ယမ်းကြတဲ့ ဆန္ဒပြအင်အား အနည်းဆုံး ၇၀၀၀ နီးပါးဟာ ထိုင်းကုန်သွယ်ရေးဘဏ်ရုံးချုပ်နားက လမ်းတွေမှာ စုရုံးဆန္ဒပြကြတာပါ။  

ပွင့်လင်းမြင်သာမှုမရှိဘဲ လျှို့ဝှက်ဖုံးကွယ်မှုတွေ ရှိနေတဲ့ ဘုရင်မဟာဝါဇီရလောင်ကွန်းရဲ့ ဘဏ္ဍာရေး ကိုင်တွယ်စီမံခန့်ခွဲနေတာနဲ့ ပတ်သက်ပြီး ဆန္ဒပြသူတွေက ကန့်ကွက်ကြတာပဲ ဖြစ်ပါတယ်။ အလွန်ပြင်းထန်တဲ့ ဥပဒေဖြစ်တဲ့ တော်ဝင်အသိုင်းအဝန်းအား အသရေဖျက်မှု ဥပဒေကို သုံးနှစ်အတွင်း ပထမဆုံး အသုံးပြုတာအဖြစ် ဆန္ဒပြခေါင်းဆောင် ၁၂ ဦးကို အဲဒီ ဥပဒေနဲ့ စွဲဆိုပြီး ရဲက ဆင့်ခေါ်ခဲ့တဲ့နောက် အခု ဆန္ဒပြမှု ဖြစ်ပွားတာလည်း ဖြစ်ပါတယ်။ 

ထိုင်းနိုင်ငံအနေနဲ့ လူငယ်တွေ ဦးဆောင်တဲ့ ဖွဲ့စည်းပုံသစ် ရေးဆွဲရေး၊ မဝေဖန် မပြောဆိုရဲတဲ့ ဘုရင်စနစ် ပြုပြင်ပြောင်းလဲရေးနဲ့ ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ နုတ်ထွက်ရေးတို့ကို တောင်းဆိုတဲ့ ဆန္ဒပြလှုပ်ရှားမှုတွေ လအတော်ကြာအောင် ဖြစ်ပွားနေတော့တာပါ။ 

ရဲတွေရဲ့ မီးသတ်ပိုက်တွေနဲ့ မျက်ရည်ယိုဓာတ်ငွေ့တွေ သုံးပြီး ဖြိုခွင်းတာကို ဆန္ဒပြသူတွေဟာ အကြီးစား လေသွင်းအရုပ်တွေ အသုံးပြုပြီး ကာကွယ်ခဲ့ရတဲ့ နောက်မှာ အခု ဗုဒ္ဓဟူးနေ့က ဆန္ဒပြပွဲမှာ အဝါရောင်ဘဲရုပ်တွေဟာ ဆန္ဒပြသင်္ကေတတစ်ခုဖြစ်လာခဲ့ပြီး တော်တော်များများက ဘဲရုပ်လေးတွေ ကိုင်ဆောင်ထားကြသလို တီရှပ်တွေနဲ့ ဦးထုပ်တွေမှာပါ တပ်ဆင်ထားကြပါတယ်။ 

ဘုရင်နိုင်ငံ ထိုင်းနိုင်ငံဟာ နိုင်ငံရေးဆန္ဒပြမှုတွေရဲ့ ရှည်ကြာတဲ့ သမိုင်းရှိခဲ့ပေမယ့် လက်ရှိ ဖြစ်ပွားနေတဲ့ ဆန္ဒပြလှုပ်ရှားမှုတွေကတော့ တစ်ချိန်က ဝေဖန်သံ မဟရဲခဲ့တဲ့ တော်ဝင်အသိုင်းအဝိုင်းကိုပါ တိုက်ရိုက်ဆန့်ကျင်လာတော့တာပဲ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly