ကြက်သွန်နီဈေးကျပြီး အဝယ်နည်းသဖြင့် ကြက်သွန်နီစိုက်တောင်သူများအခက်ကြုံ

ကြက်သွန်နီဈေးကျပြီး အဝယ်နည်းသဖြင့် ကြက်သွန်နီစိုက်တောင်သူများအခက်ကြုံ

ရန်ကုန်၊ နိုဝင်ဘာ ၂၄ ရက်

ကြက်သွန်နီဈေးနှုန်းဆက်တိုက်ကျဆင်းနေကာ ဝယ်လိုအားနည်းနေသဖြင့် ရောင်းမထွက်သည့် ကုန်ကြမ်းလက်ကျန်များလာသောကြောင့် အခက်အခဲကြုံနေရကြောင်း ကြက်သွန်နီစိုက်တောင်သူ အချို့က ပြောသည်။

ပြီးခဲ့သည့်နှစ်က ကြက်သွန်နီတစ်ပိဿာလျှင် ကျပ်နှစ်ထောင့်ငါးရာ၊ ကျပ်သုံးထောင်ဝန်းကျင်အထိ ရရှိခဲ့ သော်လည်း ယခုနှစ်တွင် ကိုဗစ်ရိုက်ခတ်မှုကြောင့် ကြက်သွန်နီတစ်ပိဿာ ကျပ် ငါးရာဝန်းကျင်အထိ ကျဆင်းခဲ့သော်လည်း ဝယ်လိုအားနည်းပါးနေသဖြင့် အရှုံးပေါ်မည့်အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ ကြာပို့ကျေးရွာမှ ကြက်သွန်နီစိုက်တောင်သူ ဦးထိန်လင်းက ပြောသည်။

“ကျွန်တော်တို့ ဒေသက ကြက်သွန်ကို အဓိက မှီခိုပြီး စိုက်ပျိုးရတဲ့ ဒေသဖြစ်ပါတယ်။ ကျွန်တော်တို့ အခုနောက်ထပ် နွေကြက်သွန်စိုက်ပျိုးမယ့် ပျိုးပင်လေးတွေဟာဆိုရင် ၁၅ ရက်သားအရွယ်တွေ ရောက်နေပြီ။ ဒါတွေကို ပြန်စိုက်ဖို့ ကျွန်တော်တို့မှာ အခက်အခဲရှိပါတယ်။ ဘာလို့ အခက်အခဲရှိလဲဆိုရင် ကြက်သွန်ဈေးဟာ ၃၅ဝ၊ ၄ဝဝ ဆိုတော့ အရင်းတောင်မရပါဘူး။ အခုမိုးကြက်သွန်တွေဟာလည်း မကြာခင်အချိန်မှာပေါ်တော့မှာဖြစ်ပါတယ်။ အဲ့ဒီတော့ ပြည်တွင်းစားသုံးလို့လည်း ဘယ်လိုမှ မကုန်နိုင်ပါဘူး”  ဟု ၎င်းက ပြောသည်။

ယမန်နှစ်က မြန်မာနိုင်ငံမှ ကြက်သွန်နီများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဝယ်ယူခဲ့ပြီး ကြက်သွန်နီဈေးမှာ သုံးထောင်ကျပ်အထိ မြင့်တက်သွားခဲ့သကဲ့သို့ ကြက်သွန်နီတင်ပို့မှုမှာလည်း စံချိန်တင်မြင့်တက်ခဲ့သည်။ ယခုကာလတွင် ကိုဗစ်-၁၉ ဖြစ်ပွားမှုကြောင့် ထမင်းဆိုင်၊ စားသောက်ဆိုင်များပိတ်ထားရချိန် ပြည်တွင်းဈေးကွက်ဝယ်လိုအားနည်းလာသကဲ့သို့ လမ်းပန်းဆက်သွယ်ရေးအခက်အခဲများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့မှုမှာလည်း ရပ်ဆိုင်းထားရကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ကြက်သွန်နီတင်ပို့ရာတွင် ယခင်တင်ပို့နေကျ ရခိုင်ပြည်နယ်၊ စစ်တွေဆိပ်ကမ်းမှ တင်ပို့နိုင်ခြင်းမရှိဘဲ ရန်ကုန်မှတစ်ဆင့် ရေလမ်းကြောင်းဖြင့် ပို့ဆောင်ရသဖြင့် သွားလာချိန်ကြာမြင့်သဖြင့် ကုန်ပစ္စည်းလေ့လွင့်ပျက်စီးမှုများကြုံရကြောင်း တောင်ကြီးမြို့မှ ကြက်သွန်နီကုန်သည် ကိုသက်ဖြိုးက ပြောသည်။

“အရင် ဘင်္ဂလားကို စစ်တွေဆိပ်ကမ်းကနေ ဟိုဘက်ကို စက်လှေနဲ့ ပို့တာ။ အခု စစ်တွေက ပိတ်ထားတော့ ရန်ကုန်ကနေ ပို့တာ။ တစ်လလောက်ကြာတယ်ဆိုတော့ အဲ့ဒီမှာ ကြက်သွန်အညှောင့်ပေါက်တာ၊ ပုပ်တာဖြစ်တော့ ဟိုဘက်က မယူချင်ဘူးဖြစ်တာ။ ၇ ရက်လောက်ပဲ ကြာတဲ့ စစ်တွေ ဆိပ်ကမ်းက ပို့မယ်ဆို မျှော်လင့်ချက်ရှိသေးတယ်။” ဟု ပြောသည်။

မြဝတီ၊ မူဆယ်နယ်စပ်ဂိတ်နှင့် ရေကြောင်းလမ်းမှတစ်ဆင့် ပြည်ပသို့ ကြက်သွန်နီတင်ပို့လျှက်ရှိပြီး ကိုဗစ်-၁၉ ဖြစ်ပွားမှုကြောင့် ရခိုင်ပြည်နယ် စစ်တွေ၊ မောင်တော နယ်စပ်ဂိတ်များကို ပိတ်ထားရကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က  မဇ္ဈိမကို ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly