ထိုင်းနိုင်ငံမှာ အစိုးရဆန့်ကျင်သူတွေ ပွဲတော်တစ်ခုကျင်းပနေသည့်အလား စုဝေးဆန္ဒပြ 

ထိုင်းနိုင်ငံမှာ အစိုးရဆန့်ကျင်သူတွေ ပွဲတော်တစ်ခုကျင်းပနေသည့်အလား စုဝေးဆန္ဒပြ 
Photo - AFP

နိုဝင်ဘာ ၂၃ 

ထိုင်းနိုင်ငံမှာ လူငယ်တွေဦးဆောင်တဲ့ အစိုးရဆန့်ကျင်ဆန္ဒပြသူတွေဟာ နိုဝင်ဘာ ၂၂ ရက်ညက ဘန်ကောက်မြို့ပြင်မှာ စုဝေးခဲ့ကြကာ  အနုပညာပြပွဲတွေ၊ လမ်းဘေးဖျော်ဖြေရေးသမားတွေနဲ့ အစေားအသောက်ရောင်းတဲ့ ဈေးတန်းတွေပါပါဝင်ခဲ့ပြီး ပွဲတော်တစ်ခုအလား စည်ကားနေခဲ့ပါတယ်။ 

ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ကို ထောက်ခံတဲ့ ရှပ်နီအဖွဲ့တွေလည်း စုဝေးဆန္ဒပြပွဲမှာ ပူးပေါင်းခဲ့ပြီး ဆန္ဒပြသူတွေက ဘုရင်စနစ်ပြုပြင်ပြောင်းလဲရေး၊ ဖွဲ့စည်းပုံပြန်လည်ရေးဆွဲရေးနဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်ကနေ ဝန်ကြီးချုပ်အသွင်ပြောင်းခဲ့တဲ့ ပရာယွတ်ချန်အိုချာနုတ်ထွက်ပေးရေးတို့ကို ထပ်တလဲလဲတောင်းဆိုနေကြတာ ဖြစ်ပါတယ်။ 

အသက် ၆၁ နှစ်အရွယ် ဆန္ဒပြသူအမျိုးသမီးတစ်ဦးက “မျိုးဆက်သစ်လူငယ်တွေက အသိပညာနဲ့ ဗဟုသုတအပြည့်အဝရှိကြပါတယ်။ ကျွန်မတို့တွေ မပြောရဲခဲ့တဲ့ မပြောချင်တဲ့ အကြောင်းအရာတွေကို ပြောထွက်ရဲတဲ့သတ္တိ အပြည့်အဝရှိကြပါတယ်” လို့ဆိုပါတယ်။ 

ဖျော်ဖြေရေးသမား ပါလ်မီ ဆိုသူအမျိုးသမီးကတော့ လောလောဆယ်မှာ အလုပ်လက်မဲ့ဖြစ်နေတာပါ။ ဒါကြောင့် လူတွေများပြားတဲ့ စုဝေးဆန္ဒပြပွဲမှာ သူကျွမ်းကျင်တဲ့ တူရိယာတီးခတ်ပြပြီး ဝင်ငွေရှာနေတာဖြစ်တယ်လို့ ဆိုပါတယ်။  

အာဏာရှင်စနစ်ကိုဆန့်ကျင်ပြီး ဒီမိုကရေစီကိုထောက်ခံတဲ့အမှတ်အသား လက်သုံးချောင်းထောင် သင်္ကေတပုံ စတစ်ကာတက်တူးတွေကိုလည်း ရောင်းချတဲ့သူတွေရှိပါတယ်။  

ပြီးခဲ့တဲ့ အင်္ဂါနေ့ကလည်း ပါလီမန်ပြင်ပမှာ ဒီမိုကရေစီထောက်ခံသူဆန္ဒပြသူတွေနဲ့ ဘုရင်ကိုသစ္စာခံသူတွေအကြား ခိုက်ရန်တွေဖြစ်ပွားခဲ့ပြီး လူခြောက်ဦး သေနတ်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။  

နောက်တစ်ရက်မှာတော့ အင်အား ၂၀ ၀၀၀ လောက်ရှိတဲ့ လူအုပ်ကြီးက ဘန်ကောက်မြို့ရဲ့ လူစည်းကားရာလမ်းမကြီးတစ်လျှောက် ချီတက်ဆန္ဒပြခဲ့ကြပြီး ထိုင်းရဲတပ်ဖွဲ့ဌာနချုပ်ရဲ့ အုတ်တံတိုင်းမှာလည်း ဘုရင်စနစ်ကိုဆန့်ကျင်တဲ့ စာသားတွေကို ဆေးနဲ့ရေးခြယ်ခဲ့ကြပါတယ်။ 

အခြေအနေကို ကောင်းမွန်တဲ့လမ်းကြောင်းနဲ့ မဖြေရှင်းနိုင်သေးဘဲ ပိုမိုပြင်းထန်တဲ့အကြမ်းဖက်မှုတွေ ဖြစ်လာနိုင်တယ်လို့ ဝန်ကြီးချုပ် ပရာယွတ်က ပြောဆိုခဲ့ကာ ဥပဒေကို အပြည့်အဝအသုံးချပြီး  ဆန္ဒပြသူတွေကို အရေးယူသွားမယ်လို့ ကြာသပတေးနေ့က သတိပေးကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။  

လူ့အခွင့်အရေးဆိုင်ရာထိုင်းရှေ့နေများအဖွဲ့ရဲ့အဆိုအရ ဇူလိုင်လက စတင်ခဲ့တဲ့ ဒီမိုကရေစီလှုပ်ရှားမှု ဆန္ဒပြပွဲတွေအတွင်း ဆန္ဒပြသူ ၁၇၅ ယောက်ဟာ ဆူပူအုံကြွအောင်လှုံ့ဆော်မှုနဲ့ လူစုလူဝေးဖြစ်စေမှု စတဲ့ ပြစ်ချက်တွေနဲ့ စွဲချက်တင်ခံခဲ့ရပါတယ်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly