ပညာရေးစနစ်ကို စိတ်ပျက်နေတဲ့ ထိုင်းအထက်တန်းကျောင်းသား ထောင်နဲ့ချီတို့ ဘန်ကောက်မှာ စုဝေးဆန္ဒပြ 

ပညာရေးစနစ်ကို စိတ်ပျက်နေတဲ့ ထိုင်းအထက်တန်းကျောင်းသား ထောင်နဲ့ချီတို့ ဘန်ကောက်မှာ စုဝေးဆန္ဒပြ 
Photo - AFP

နိုဝင်ဘာ ၂၂ 

ထိုင်းနိုင်ငံမှာ ထိုင်းမှိုင်းအသက်မပါဖြစ်နေတဲ့ ပညာရေးစနစ်အပေါ် စိတ်ပျက်နေကြတဲ့ အထက်တန်းကျောင်းသား၊ ကျောင်းသူ ထောင်နဲ့ချီတို့ဟာ နိုဝင်ဘာ ၂၁ ရက်က ဘန်ကောက်မှာ စုရုံးခဲ့ကြပြီး အဆိုပါ စုရုံးပွဲမှာ ဒိုင်နိုဆော အရုပ်တွေလိုမျိုး ဝတ်ဆင်ကခုန်နေတဲ့ ဆန္ဒပြသူတွေလည်း ပါဝင်ခဲ့ပါတယ်။ 

ဒီမိုကရေစီ လိုလားတဲ့ ဆန္ဒပြသူတွေကို နှိမ်နင်းဖြိုခွင်းဖို့ အတွက် အာဏာပိုင်တွေအနေနဲ့ ပြင်းထန်တင်းကျပ်တဲ့ အသရေဖျက်မှု ပုဒ်မတွေ အပါအဝင် ဥပဒေတွေအားလုံးကို အသုံးပြုသွားမယ်ဆိုပြီး ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက သတိပေးခဲ့ပြီးနောက်ပိုင်း ဒါဟာ ယင်းနိုင်ငံမှာ ပထမဆုံး လူစုဝေးမှုလည်း ဖြစ်ခဲ့ပါတယ်။ 

ထိုင်းနိုင်ငံကို လှုပ်ခါစေခဲ့တဲ့ ကျယ်ပြန့်တဲ့ နိုင်ငံရေး ဆန္ဒပြလှုပ်ရှားမှုတစ်ခုကြောင့် ရဲရင့်မှုတွေ ရှိလာတာနဲ့အတူ သြဂုတ်လနောက်ပိုင်းမှာ “Bad Students- ကျောင်းသားဆိုးများ” လို့ ခေါ်တဲ့ အဖွဲ့အုပ်စုတစ်ခုဟာ နိုင်ငံမှာ ပညာရေးဝန်ကြီး နက်သာပေါင် တီဆူဝမ် နုတ်ထွက်ရေး၊ ယဉ်ကျေးမှု အပြောင်းအလဲတွေ လုပ်ဆောင်ရေး၊ တန်းတူညီမျှ ရှိရေး၊ သင်ရိုးညွန်းတမ်း အလုံးစုံစစ်ဆေးပြုပြင်ရေးနဲ့ တင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေ ဖြေလျှော့ရေးတို့အတွက် တောင်းဆိုတိုက်ပွဲဝင်နေခဲ့ကြပါတယ်။ 

နိုဝင်ဘာ ၂၁ ရက် လူထုစည်းဝေးပွဲ မတိုင်မီ ကျောင်းသား ခေါင်းဆောင် သုံးဦးကို ရဲက စစ်ဆေးမေးမြန်းဖို့ ဆင့်ခေါ်ခဲ့သလို ယခုအခါမှာ  ဖြစ်နိုင်ဖွယ် တရားစွဲဆိုမှုနဲ့ ရင်ဆိုင်နေရတဲ့ လူငယ် လေးဦးအထိ ရှိနေခဲ့ပြီလို့ လူ့အခွင့်အရေးဆိုင်ရာ ထိုင်းရှေ့နေတွေက ပြောပါတယ်။ 

ဒါပေမယ့် ခြိမ်းခြောက်မှုတွေ ရှိနေတဲ့ကြားကပဲ လူငယ်တွေဟာ ဆက်လက်ပြီး ပြောင်ပြောင်တင်းတင်း ဖီဆန်လျက် ရှိပြီး ၎င်းတို့ဟာ ထိုင်းနိုင်ငံရဲ့ “နိုင်ငံရေး ခေတ်နောက်ကျသူ” တွေကို ကိုယ်စားပြုတဲ့ T-Rex အရုပ်တွေနဲ့အတူ ကခုန်ခဲ့ကြသလို ကြီးမားတဲ့ ဘောလုံးတွေကိုလည်း ပုတ်နေခဲ့ကြပါတယ်။ 

“အပြောင်းအလဲတွေ ဖြစ်စေဖို့အတွက် ကျွန်တော်တို့ အပြင်ထွက်လာပြီး ခုလို ကျွန်တော်တို့ရဲ့ အသံတွေကို ကြားစေဖို့ လုပ်တာဖြစ်ပါတယ်” လို့ အသက် ၁၅ နှစ်အရွယ် လိဖ်က အေအက်ဖ်ပီကို ပြောပါတယ်။ 

ကျောင်းသား၊ ကျောင်းသူ အများအပြားကတော့ သူတို့ဟာ အသက် မပြည့်သေးသူတွေအဖြစ် သိသာစေဖို့အတွက် အရောင်ပါတဲ့ လက်ပတ်ကြိုးတွေ ဝတ်ထားကြပြီး ဒါမှလည်း အသက်ပိုကြီးတဲ့ ဆန္ဒပြသူတွေက သူတို့ကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ 

“စာသင်ကျောင်းက မိန်းကလေးတွေအတွက် ဘေးကင်းတဲ့ နေရာတစ်ခု မဟုတ်ဘူး” လို့ ကျောင်းသူတစ်ဦး ကိုင်ထားတဲ့ လက်ကိုင်ပိုစတာတစ်ခုမှာ ရေးထားပါတယ်။ 

ဒီ စုဝေးပွဲမှာ ဆန္ဒပြသူ ရာနဲ့ချီတို့ဟာ ရာဘာဘဲရုပ် ဆံပင် ကလစ်တွေ တပ်ထားကြပြီး ဒါကတော့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၇ ရက်က ရဲတွေရဲ့ မီးသတ်ပိုက်၊ မျက်ရည်ယိုဓာတ်ငွေ့တွေ ပစ်ခတ်မှုကနေ ကာကွယ်ဖို့ ဒီမိုကရေစီ လိုလားတဲ့ ဆန္ဒပြသူတွေ လေထိုးအရုပ်တွေ အသုံးပြုခဲ့ရတာကို ရည်ညွန်းတာဖြစ်ပါတယ်။ 

သင်ကြားမှု အရည်အသွေး မကောင်းတဲ့အတွက် သီးသန့်သင်ပြပေးတဲ့ ဆရာတွေ ခေါ်သင်ရတဲ့အပေါ် မိသားစုတွေ ငွေတွေစိုက်ထုတ်နေရတာနဲ့ပတ်သက်လို့လည်း ဆန္ဒပြသူအများအပြားက စိတ်ပျက်နေခဲ့ကြပါတယ်။ 

“ကျွန်တော်ဆိုရင် ကျွန်တော့်သမီးအတွက် သီးသန့် ဆရာ ခေါ်သင်ခိုင်းရတာမှာ  ငွေတွေ အများကြီး စိုက်ထုတ်သုံးထားရပါတယ်၊ သမီးကို တကယ် ကောင်းတဲ့ ပညာရေးတစ်ခု ရဖို့အတွက် အတော်ဝေးတဲ့ ကျောင်းမှာ သွားအပ်ဖို့ လိုပါတယ်၊ ဒါမျိုးက မဖြစ်သင့်ဘူးလေ” လို့ စုဝေးပွဲကို သမီးဖြစ်သူနဲ့အတူ တက်ခဲ့တဲ့ အသက် ၄၁ နှစ်အရွယ် ဆူပါပွန်း ပရာတူမရက်က ပြောပါတယ်။ 

ကျောင်းသား ဖလှယ်လေ့လာမှု အစီအစဉ်နဲ့ မနှစ်တုန်းက အမေရိကန်ကို သွားခဲ့တဲ့ အသက် ၁၈ နှစ်အရွယ် အစ်ဇီက ပြောကြားရာမှာတော့ အမေရိကန်က ကျောင်းသား၊ ကျောင်းသူတွေဟာ ကျောင်းဆင်းတာနဲ့ သူတို့ ဝါသနာပါတာတွေကို လုပ်ဆောင်နိုင်ကြပေမယ့် ထိုင်းကျောင်းသား အများအပြားကတော့ အဲဒီလို အခွင့်အရေးမျိုး မရှိကြဘူးလို့ ပြောပါတယ်။ 

“ထိုင်းမှာက ကျောင်းသားတစ်ချို့ဆိုရင် ညနေ ၄ နာရီကနေ ည ၉ နာရီအထိ အချိန်ပို အတန်းတွေ သွားကြရတယ်” လို့ ၎င်းက အေအက်ဖ်ပီကို ပြောပါတယ်။ 

ယင်းနိုင်ငံမှာတော့ ဇူလိုင်လနောက်ပိုင်းကတည်းက လူငယ်ထု ဦးဆောင်တဲ့ ဆန္ဒပြပွဲတွေက နိုင်ငံကို လှုပ်ရမ်းထားခဲ့ပြီး ဆန္ဒပြပွဲတွေမှာတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ် ရေးဆွဲဖို့ ၊ ဘုရင်စနစ် ပြုပြင်ပြောင်းလဲဖို့၊ ၂၀၁၄ မှာ စစ်အာဏာသိမ်းမှုနဲ့အတူ အာဏာရထားခဲ့တဲ့ ဝန်ကြီးချုပ် ပရာယွတ် နုတ်ထွက်ဖို့ တောင်းဆိုနေခဲ့ကြပါတယ်။ 

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၇ ရက်က ပါလီမန်အပြင်ဘက်မှာ ဆန္ဒပြသူတွေကို ရဲတွေက မျက်ရည်ယိုဓာတ်ငွေ့၊ မီးသတ်ပိုက် သုံးပြီး လူစုခွဲခဲ့သလို ဒီမိုကရေစီလိုလားတဲ့ တက်ကြွလှုပ်ရှားသူတွေနဲ့ တရားသေဝါဒ စွဲကိုင်တဲ့ ဘုရင်စနစ် ထောက်ခံသူတွေအကြား ရုန်းရင်းဆန်ခတ် ပဋိပက္ခတွေအတွင်း လူခြောက်ဦး အပစ်ခံခဲ့ရသလို လူ ၅၅ ဦး ဒဏ်ရာရခဲ့ပါတယ်။ 

နောက်တစ်နေ့မှာလည်း ဆန္ဒပြသူတွေဟာ ထိုင်းရဲတပ်ဖွဲ့ဌာနချုပ်အပြင်ဘက်မှာ နံရံမှာ ပုံစာတွေ ရေးခဲ့သလို အဆောက်အအုံမှာ ဆေးတွေနဲ့ ပက်ဖျန်းခဲ့ပါတယ်။ 

ဒီမိုကရေစီ လိုလားတဲ့ ဆန္ဒပြသူတွေအပေါ် တော်ဝင် အသရေဖျက်မှု စွဲချက်တွေအတိုင်း လုပ်ဆောင်ဖို့ ရဲတွေကို မီးစိမ်းပြတဲ့ အစိုးရရဲ့ ဆုံးဖြတ်ချက်ကလည်း လာမယ့် နိုဝင်ဘာ ၂၅ ရက်မှာ လုပ်ဖို့ စီစဉ်ထားတဲ့ အဓိက စုဝေးပွဲ မတိုင်မီ တင်းမာမှုတွေကို မြင့်တက်စေဖွယ် ရှိနေပါတယ်။ 

“ပြည်သူပိုင် ပစ္စည်း၊ ဥစ္စာတွေကို ဖျက်ဆီးတာနဲ့ ဘုရင်စနစ်နဲ့ပတ်သက်လို့ မကြုံစဖူး ချိုးဖောက်တာတွေကိုတော့ ကျွန်တော့်အနေနဲ့ ပုဂ္ဂိုလ်ရေးအရ ဒါကို လက်မခံနိုင်ပါဘူး” လို့ ဝန်ကြီးချုပ် ပရာယွတ်က နိုဝင်ဘာ ၂၀ ရက် ညပိုင်းမှာ ပြောခဲ့ပါတယ်။ 

ထိုင်းမှာတော့ lese majeste လို့ ခေါ်တဲ့ ဥပဒေကတော့ ဆိုရှယ်မီဒီယာပေါ်မှာ အကြောင်းအရာတွေ ပို့စ်တင်တာ ဒါမှမဟုတ် ဝေမျှတာ တွေအပါအဝင် ဘုရင်စနစ်အပေါ် ဝေဖန်မှုမှန်သမျှ ထည့်သွင်းပါဝင်ဖို့ အမြဲတစေ အဓိပ္ပါယ် ကောက်နိုင်ပါတယ်။ 

ဘုရင်၊ မိဖုရား နဲ့ တော်ဝင်မိသားစုဝင်တွေကို အသရေဖျက်တာ၊ စော်ကားတာ နဲ့ ခြိမ်းခြောက်တာတို့နဲ့ စီရင်ချက်ချခံရတဲ့ မည်သူမဆို စွဲချက်တစ်ခုစီအတွက် ထောင်ဒဏ် သုံးနှစ်နဲ့ ၁၅ နှစ်အကြား ကျခံရနိုင်ပါတယ်။ 

တချိန်တည်းမှာလည်းပဲ ဘာလင် အာဏာပိုင်တွေကလည်း ထိုင်းက ဖြစ်စဉ်တွေအပေါ် စောင့်ကြည့်နေပါတယ်။ “ဒီမိုကရေစီ နည်းကျ လှုပ်ရှားမှုတွေကို စစ်တပ် ဒါမှမဟုတ် လုံခြုံရေးတပ်ဖွဲ့တွေက နှိမ်နင်းမယ်၊ လူသေဆုံးမှုတွေ ရှိမယ် ဆိုရင် အဲဒီနောက်မှာတော့ ထိုင်းဘုရင်ဟာ ဂျာမနီမှာ ဆက်လက် နေထိုင်နိုင်လိမ့်မယ်လို့ ကျွန်တော် မယုံကြည်ပါဘူး” လို့ ဂျာမန် ဆိုရှယ် ဒီမိုကရက်တစ် ပါလီမန်အဖွဲ့ဝင် နီလ်စ် ရှမစ်တ် က ဂျာမန်ချန်နယ် ARD ကို ပြောသွားခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly