ထိုင်းမှာ ပြင်းထန်ကြမ်းတမ်းတဲ့ ဆန္ဒပြပွဲ ပဋိပက္ခတွေ ဖြစ်ပွားပြီး လူအများအပြား ဒဏ်ရာရ 

ထိုင်းမှာ ပြင်းထန်ကြမ်းတမ်းတဲ့ ဆန္ဒပြပွဲ ပဋိပက္ခတွေ ဖြစ်ပွားပြီး လူအများအပြား ဒဏ်ရာရ 
Photo - AFP

နိုဝင်ဘာ ၁၈

ထိုင်းနိုင်ငံမှာ ဇူလိုင်လ ဆန္ဒပြပွဲလှုပ်ရှားမှု ပေါ်ပေါက်ပြီးနောက်ပိုင်း ပြင်းထန်ကြမ်းတမ်းမှုအရှိဆုံး ဆန္ဒပြပွဲပဋိပက္ခတွေ ယမန်နေ့က ဖြစ်ပွားခဲ့ရာမှာ လူ ၄၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ 

ယမန်နေ့က ဘန်ကောက်မြို့မှာ ဖြစ်ပွားတဲ့ ပဋိပက္ခတွေမှာတော့ ရဲတွေက ဆန္ဒပြသူတွေကို မီးသတ်ပိုက်၊ မျက်ရည်ယိုဓာတ်ငွေ့ သုံးပြီး နှိမ်နင်းမှုတွေရှိခဲ့ပါတယ်။ 

ဒါ့အပြင် ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြသူတွေဟာ ဘန်ကောက်မြို့ ပါလီမန်အပြင်ဘက်မှာ ပြိုင်ဘက်အုပ်စု ရှပ်ဝါ တန်ပြန်ဆန္ဒပြသူတွေ၊ အဓိကရုဏ်းနှိမ်နင်းရေး ရဲတွေနဲ့ ထိပ်တိုက်တွေ့ အချင်းများမှုတွေလည်းရှိခဲ့ပါတယ်။ 

ခုလိုမျိုး အပြင်းထန်ဆုံး ပဋိပက္ခတွေ ဖြစ်ခဲ့ပြီးနောက် ထိုင်း ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူတွေက လမ်းတွေပေါ် တစ်ဖန် ပြန်ထွက်လာဦးမယ်လို့ ယမန်နေ့က ကြုံးဝါးခဲ့ကြပါတယ်။ 

ယမန်နေ့က ဘန်ကောက်မြို့က ပါလီမန်ကို ဦးတည်တဲ့လမ်းပေါ်မှာ ချထားတဲ့ ရဲ အတားအဆီးတွေကို ဆန္ဒပြသူတွေက ဖြတ်ကျော်ဖို့ လုပ်ခဲ့သလို လူ ၄၁ ဦး ထိခိုက်ဒဏ်ရာတွေ ရခဲ့ပါတယ်။ 

ပါလီမန်မှာတော့ ဥပဒေပြုအမတ်တွေဟာ စစ်တပ် ရေးဆွဲတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖြစ်နိုင်ဖွယ်ရာ အပြောင်းအလဲတွေနဲ့ပတ်သက်လို့ ဆွေးနွေးနေကြပါတယ်။ 

ကျောင်းသားတွေ ဦးဆောင်တဲ့ လူထုစုဝေးပွဲတွေက ထိုင်းနိုင်ငံကို လတွေနဲ့ချီ လှုပ်ယမ်းထားခဲ့ပြီး ဆန္ဒပြသူတွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ အလုံးစုံ ပြင်ဆင်ဖို့၊ ၂၀၁၄ အာဏာသိမ်းမှုနဲ့အတူ အာဏာရထားခဲ့တဲ့ ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာကို ရာထူးကနေ ဖယ်ရှားဖို့ တောင်းဆိုနေကြပါတယ်။ 

ဆန္ဒပြလှုပ်ရှားမှုထဲမှာ တစ်ချို့က တစ်ချိန်တုန်းက မလုပ်အပ်တဲ့အရာအဖြစ် ရှိနေခဲ့တဲ့ ဘုရင်စနစ်ကို ပြုပြင်ပြောင်းလဲဖို့ကိုပါ တောင်းဆိုနေခဲ့ကြပါတယ်။ 

ယမန်နေ့ ဆန္ဒပြပွဲတွေအတွင်းမှာတော့ ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြသူတွေနဲ့ ဘုရင်စနစ် ထောက်ခံတဲ့ ဆန္ဒပြသူတွေအကြား ကျောက်ခဲတွေနဲ့ အပြန်အလှန် ပစ်ပေါက်မှုတွေကို မြင်တွေ့ခဲ့ရတာ ဖြစ်ပြီး ဒါဟာ ဆန္ဒပြပွဲတွေရဲ့ ပြင်းထန်ကြမ်းတမ်းမှုပိုင်းမှာ မြင့်တက်လာတယ်ဆိုတာ ပေါ်လွင်ထင်ရှားနေပါတယ်။ 

လူသိများတဲ့ ကျောင်းသားခေါင်းဆောင် ပါရစ် ပင်ဂွင်း ချီဝါရက်ခ်က ယမန်နေ့ စုဝေးပွဲကို ည ၉ နာရီလောက်မှာ ရုပ်သိမ်းခဲ့ပြီး ဆန္ဒပြသူတွေကို နိုဝင်ဘာ ၁၈ ရက် နေ့ခင်းပိုင်းမှာ ဘန်ကောက်မြို့ စျေးဝယ်အရပ်က အဓိကလမ်းဆုံတစ်ခုမှာ ပြန်လည် လူစုဝေးကြဖို့ တိုက်တွန်းထားခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly