ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး တောင်းဆိုချက်တွေကို ထိုင်းလွှတ်တော်အမတ်တွေ ပါလီမန်မှာ ဆွေးနွေး

By AFP/ CNA 
17 November 2020
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး တောင်းဆိုချက်တွေကို ထိုင်းလွှတ်တော်အမတ်တွေ ပါလီမန်မှာ ဆွေးနွေး
Photo - AFP

နိုဝင်ဘာ ၁၇ 

ထိုင်းနိုင်ငံမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့ အဆိုပြုချက်တွေနဲ့ပတ်သက်လို့ ထိုင်းလွှတ်တော်အမတ်တွေ ယနေ့ နိုဝင်ဘာ ၁၇ ရက်မှာ ပါလီမန်ထဲမှာ အခြေအတင် စတင်ဆွေးနွေးနေကြပြီ ဖြစ်ပါတယ်။ 

ဖွဲ့စည်းပုံပြင်ဆင်ရေး တောင်းဆိုချက်တွေက ယင်းနိုင်ငံမှာ ကျောင်းသားတွေ ဦးဆောင်တဲ့ ဆန္ဒပြလှုပ်ရှားမှုရဲ့ အဓိက တောင်းဆိုချက်တွေထဲက တစ်ခု ဖြစ်ပါတယ်။ 

အောက်လွှတ်တော်နဲ့ အထက်လွှတ်တော်ရဲ့ နှစ်ရက်တာ ပူးတွဲ အစည်းအဝေးမှာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ မူကြမ်း ပြင်ဆင်ချက် ခုနစ်ခုကို မဲခွဲ ဆုံးဖြတ်သွားဖို့ စီစဉ်ထားပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အပြောင်းအလဲတွေအတွက် လွှတ်တော်နှစ်ရပ်ရဲ့ ပူးတွဲ မဲခွဲဆုံးဖြတ်မှုကို လိုအပ်ပါတယ်။ အတည်ပြုချက်ရတဲ့ ပြင်ဆင်ချက်တွေကတော့ ယခုအပတ် မဲခွဲမှုနောက်ပိုင်း အနည်းဆုံးတစ်လလောက် ဒုတိယမြောက်နဲ့ တတိယမြောက် ဖတ်ကြားမှုအဆင့်တွေကို ကျော်ဖြတ်ရဖို့ ရှိပါတယ်။ 

ခုလိုမျိုး ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြင်ဆင်မှုတွေအတွက် တောင်းဆိုချက်တွေကို ပါလီမန်မှာ ဆွေးနွေးနေချိန်မှာ “ရှပ်ဝါ” တွေအဖြစ် သိကြတဲ့ ထိုင်းဘုရင်စနစ် ထောက်ခံသူတွေဟာ ဘန်ကောက်မြို့က ပါလီမန်မှာ စုဝေးခဲ့ကြပြီး ဖွဲ့စည်းပုံဥပဒေသစ် မရေးဆွဲဖို့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ 

တစ်ချိန်တည်းမှာလည်းပဲ အစိုးရဆန့်ကျင်ဆန္ဒပြသူတွေကလည်း သူတို့ရဲ့ တောင်းဆိုချက်တွေ မပြည့်မချင်း ပါလီမန်အပြင်ဘက်မှာ ဝန်းရံစခန်းချသွားမယ်လို့ ကြုံးဝါးခဲ့ပါတယ်။ 

“ဒီ ဖွဲ့စည်းပုံ အခြေခံဥပဒေက လူအများအပြား ထောက်ခံထားတာပါ၊ ဘာကြောင့်လဲဆိုတော့ ဒါက အကျင့်ပျက်ခြစားမှုကို ကာကွယ်ပေးလို့ပါပဲ” လို့ ရှပ်ဝါ တစ်ဦးဖြစ်သလို အဆိုတော်ဟောင်းတစ်ဦးလည်းဖြစ်တဲ့ ဟာရူထိုင် အူ မူအန်ဘွန်စရီက ပြောပါတယ်။ 

“သူတို့ ( အစိုးရဆန့်ကျင် ဆန္ဒပြသူတွေ) က ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုလုံးကို ပြန်လည်ရေးဆွဲချင်နေကြပါတယ်၊ ဒါကို ကျွန်မတို့ဘက်က ခွင့်ပြုမပေးနိုင်ပါဘူး၊ ပြီးတော့ သူတို့က အခန်း ၁ နဲ့ ၂ ဖြစ်တဲ့ ဘုရင်စနစ် ကိစ္စတွေနဲ့ပတ်သက်တဲ့  ဥပဒေအပိုင်းတွေကို ပြန်ပြင်ရေးဆွဲချင်နေကြပါတယ်၊ ဒါတွေကိုလည်း ကျွန်မတို့ ခွင့်ပြုပေးမှာ မဟုတ်ပါဘူး” လို့ ရှပ်ဝါ တစ်ဦးဖြစ်တဲ့ ဆွမ်ပွန် ဆူကလာ့တ်က ပြောပါတယ်။ 

“ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်မှုနဲ့ ဖွဲ့စည်းပုံ ပြန်ရေးဆွဲမှုကို ဆန့်ကျင်တဲ့ သဘောဆန္ဒကို ထုတ်ဖော်တဲ့ ဒီစာကို ဒီနေ့ ကျွန်တော်တို့ဆီ လာတင်ပြတဲ့ လူတွေအားလုံးကို ကျေးဇူးတင်တယ်လို့ ကျွန်တော် ပြောချင်ပါတယ်၊ ဒီ မက်ဆေ့ချ်ကို လွှတ်တော်ဥက္ကဌဆီ မဆိုင်းမတွပဲ ပေးအပ်ပေးသွားပါမယ်” လို့ အထက်လွှတ်တော် ဒုဥက္ကဋ္ဌ ဆင်းဆွတ်ခ် ဆင်ဖရိုင်က ပြောသွားခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly