ရှမ်းပြည်တိုက်ပွဲများကြောင့် ပြည်တွင်းစစ်ဘေးရှောင် တစ်သောင်းခန့်ရှိနေပြီဟု SSPP ပြော

ရှမ်းပြည်တိုက်ပွဲများကြောင့် ပြည်တွင်းစစ်ဘေးရှောင် တစ်သောင်းခန့်ရှိနေပြီဟု SSPP ပြော

ရန်ကုန်၊ နိုဝင်ဘာ ၁၇ ။          ။ ရှမ်းပြည်နယ်အတွင်း၊ အစိုးရတပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ၏ တပ်တို့အကြားဖြစ်ပွားနေသည့် စစ်ပွဲများကြောင့် ရှမ်းပြည်တောင်ပိုင်းတွင် စစ်ဘေးရှောင်ဒုက္ခသည် တစ်သောင်းခန့်ရှိနေပြီဟု SSPP ပြန်ကြားရေး အဖွဲ့ဝင် စိုင်းဖုန်းဟန်က နိုဝင်ဘာ ၁၇ရက်တွင် မဇ္ဈိမကိုပြောသည်။

"လူဦးရေအရခန့်မှန်းရင် တစ်သောင်းလောက်ရှိမယ်၊ ဘာဖြစ်လို့လည်းဆိုရင် မိုင်းရှူးကနေ မိုင်းနောင်ကြားက ရွာတွေ၊ ကျေးသီက တစ်ချို့ရွာတွေကောပြေးနေရတာကို၊ တစ်သောင်းလောက်တော့ ရွှေ့ပြောင်းဒုက္ခသည်တွေ ရှိမယ်။" ဟု ၎င်းကဆိုသည်။

အစိုးရတပ်နှင့် SSPP/SSA တပ်တို့အကြား ရှမ်းပြည်တောင်ပိုင်းဒေသများတွင် အောက်တိုဘာ ၆ရက်မှစတင်ကာ ယနေ့ အထိ တိုက်ပွဲများဖြစ်ပေါ်နေသည်။

အစိုးရတပ်နှင့် SSPP/SSA တပ်တို့က SSPP/SSA ဌာနချုပ် ဝမ်ဟိုင်းဒေသအနီး ၆မိုင်မှ ၇မိုင်အကွာတွင် တိုက်ပွဲများ ဖြစ်ပေါ်နေခြင်းဖြစ်ပြီး၊ SSPP/SSAအနေဖြင့် ဌာနချုပ်လုံ့ခြုံရေးကို အတင်းအကျပ်မြှင့်တင်ထားရသည်ဟုလည်း စိုင်းဖုန်းဟန်က ပြောသည်။

တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်ရသူများရှိနေသော်လည်း အရေအတွက် အတိအကျကိုမူ စုံစမ်းသိရှိနိုင်ခြင်း မရှိပေ။ ရှမ်းပြည်တောင်ပိုင်းတိုက်ပွဲများကြောင့် ရွှေ့ပြောင်းထွက်ပြေး ရသည့် ဒုက္ခသည်အရေအတွက် အတိအကျကို သိရှိနိုင်ရန် ရှမ်းပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူးသို့ ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းစက်ပိတ်ထားသည်။ ယင်းအတွင်းရေးမှူးရုံးသို့ ဆက်သွယ်ရာ တွင်လည်း ဖုန်းကိုင်သူက အစည်းအဝေးတက်နေသဖြင့် နောက်ပိုင်းမှသာပြန်လည်ဆက်သွယ်ရန် မဇ္ဈိမသို့ဖြေကြားသည်။

ယခုရက်ပိုင်းအတွင်း တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားသည့် မိုင်းရှူးနှင့် ဟိုင်းပါးရွာနှစ်ခုမှပင် ထွက်ပြေးတိမ်းရှောင်ရသူ ၂၅၀၀ကျော်ထိရှိနေပြီး၊ တစ်ခြားမိုင်းနောင်၊ လယ်ချား၊ ကျေးသီး၊ ဝမ်ဆော့၊ ဝမ်ဟိုင်းဒေသ၊ မိုင်ဟူး၊ မိုင်းမော စသည့်အရပ် များမှလည်း ရွှေ့ပြောင်းထွက်ပြေးနေရသူများလည်း ရှိနေသည်ဟု မိုင်းရှူးမှ ထွက်ပြေးတိမ်းရှောင်နေသူများကို ကူညီပေးနေသည့် နန့်ဆိုင်ဟိန်းက မဇ္ဈိမကိုပြောသည်။

"မိုင်းရှူးမြို့ပေါ်တစ်ခုတည်းတင် ၁၀၀၀ကျော်တယ်၊ မိုင်းရှူးမှာရှိတဲ့ရွာတွေကနေ ထွက်ပြေးနေရတဲ့သူတွေအများကြီးရှိတယ်။ သူတို့စားသောက်ရေးကို လာလှူတဲ့သူတွေစီကနေပဲ ဖြေရှင်းနေရတာ။ ရိက္ခာကတော့ အခုမိုင်းရှူးရပ်ကွက်တွေမှာ ခိုလုံသူ တွေအတွက် နောက်တစ်ပတ်စာရှိတယ်။ ဒီနေရာမှာ တိုက်ပွဲတွေပြင်းထန်လို့ လာလှူတာတွေလည်း သိပ်မရှိတော့ဘူး" ဟု ၎င်းကဆိုသည်။

အစိုးရတပ်နှင့် SSPP/SSA တို့အကြားတိုက်ပွဲများတွင် အစိုးရတပ်က နိုဝင်ဘာ ၁၇ရက်တွင် လေယာဉ်များဖြင့် တိုက်ခိုက် ခြင်းကို ဟိုင်းပါးရွာမှမျက်မြင်တွေ့မြင်ရပြီး၊ မိုင်းရှူးမြို့ပေါ်ကဆိုပါ ကလေယာဉ်သံများ၊ ပေါက်ကွဲသံများကိုကြားနေရသည်ဟု နန့်ဆိုင်ဟိန်းကပြောသည်။

နိုဝင်ဘာ ၁၇ရက် တိုက်ပွဲဖြစ်ပွားမှုအခြေအနေကိုလည်း SSPP/SSA ပြောခွင့်ရအဖွဲ့ဝင် စိုင်းဖုန်းဟန်က "ဒီနေ့မနက် ၆နာရီ နဲ့ ၇နာရီကြား ဝမ်ဆော့မှာ ခမရ ၅၁၄၊ ၅၁၃အဲဒီ တပ်ရင် ၁၀ရင်းလောက်ပေါင်းထားတဲ့တပ်နဲ့ ကျွန်တော်တို့တိုက်ပွဲဖြစ်သေးတယ်။ အခုဖြစ်တဲ့တိုက်ပွဲတွေအတွင်းမှာ နှစ်ဖက်လုံးက ကျတာရှိပေမယ့်။ အရေအတွက်ကိုအတည်မပြုနိုင်သေးဘူး။ မနေ့ကတော့ တိုက်ပွဲပြင်းတယ်အစိုးရတပ်က တိုက်လေယာဉ် ၂စီးနဲ့ ရဟတ်ယာဉ် ၆စီးသုံးပြီးတော့ကို ၁၂နာရီကနေ နေ့လည် ၂နာရီအထိ တိုက်တယ်။" ဟုဆိုသည်။

အောက်တိုဘာ ၆ရက်မှ ယနေ့အထိဖြစ်ပေါ်နေသည့်တိုက်ပွဲများအတွင်းလည်း အစိုးရတပ်က လေကြောင်း တိုက်ခိုက်မှုကို ၅ကြိမ်အထိအသုံးပြုတိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာ ၁၇ရက်တိုက်ခိုက်မှုသည် လေယာဉ်အစီးရေ အများဆုံးအသုံးပြုတိုက်ခိုက် သည့် တိုက်ပွဲလည်းဖြစ်သည်ဟု ၎င်းကပြောသည်။

တိုက်ပွဲများဖြစ်ပွားသည့် သတင်းများနှင့် ပက်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ဝင် ဒု-ဗိုလ်မှူးကြီးတစ်ဦးကို ဆက်သွယ်ရာတွင် ဖုန်းဝင်သော်လည်း ဖုန်းကိုင်ဖြေကြားခြင်းမရှိပေ။ ထိုအတူ တပ်မတော်မှ ဗိုလ်မှူးကြီးအဆင့်ရှိသူ တစ်ဦးကို ဆက်သွယ်မေးမြန်သော်လည်း ၎င်းနှင့် ဆက်စပ်သည့်တာဝန်ယူထားခြင်းမရှိသဖြင့် ဖြေကြားပေးနိုင်ခြင်း မရှိကြောင်း မဇ္ဈိမသို့အသိပေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required