ဒီမိုကရက်တွေ ရွေးကောက်ပွဲ အကြံအဖန် မလုပ်ဘူးဆိုရင် သူသာ နိုင်လိမ့်မယ်လို့ ထရမ့် ပြော

ဒီမိုကရက်တွေ ရွေးကောက်ပွဲ အကြံအဖန် မလုပ်ဘူးဆိုရင် သူသာ နိုင်လိမ့်မယ်လို့ ထရမ့် ပြော
Photo - AFP

နိုဝင်ဘာ ၆

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လက်ရှိရွေးကောက်ပွဲမှာ ဒီမိုကရက်တွေသာ အကြံအဖန် မလုပ်ဘူးဆိုရင် သူ့အနေနဲ့ ဒီရွေးကောက်ပွဲမှာ နိုင်မှာဖြစ်တယ်လို့ နိုဝင်ဘာ ၅ ရက်က ပြောကြားလိုက်ပါတယ်။

ဒါ့အပြင် ဒီရွေးကောက်ပွဲမှာ သူ့အခွင့်အလမ်းတွေ မတရားသဖြင့် ဆုံးရှုံးထားခဲ့ရတယ်ဆိုပြီး ထရမ့်က ခိုင်လုံတဲ့ အထောက်အထား မပြဘဲ ပြောကြားလိုက်ပြန်ပါတယ်။

လက်ရှိအချိန်မှာ အကြိတ်အနယ် ရှိတဲ့ ပြည်နယ်တွေမှာ မဲရေတွက်မှုတွေ ဆက်လုပ်နေဆဲဖြစ်ပြီး ရလဒ်တွေအရ ဒီမိုကရက်တစ် သမ္မတလောင်း ဂျိုးဘိုင်ဒင်က အောင်ပွဲခံနိုင်ဖို့ တဖြည်းဖြည်း ပိုပြီး နီးစပ်လာနေတာကို ပြသနေပါတယ်။

“သူတို့က ရွေးကောက်ပွဲမှာ မသမာတဲ့နည်းတွေနဲ့ အနိုင်ရဖို့ ကြိုးစားနေကြတာပါ” လို့ ထရမ့်က ရွေးကောက်ပွဲ မဲပေးမှု ပိတ်သိမ်းပြီးနောက် နှစ်ရက်အကြာ အိမ်ဖြူတော်မှာ ထုတ်ပြန်ပြောကြားခဲ့ပတယ်။

ထရမ့်က အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲတစ်ခုမှာ နိုင်ငံရဲ့ ဒီမိုကရက်တစ် လုပ်ငန်းစဉ်နဲ့ပတ်သက်လို့ လှုံ့ဆော်ရာရောက်တဲ့ ပြောဆိုချက်တွေကို ၁၇ မိနစ်နီးပါးကြာ ပြောခဲ့ပြီး တစ်စုံတစ်ရာ သက်သေအထောက်အထား ပြသတာ မရှိသလို ယင်းနောက် သတင်းထောက်တွေရဲ့ မေးခွန်းတွေကိုလည်း မဖြေကြားခဲ့ပါဘူး။

“ဒီမိုကရက်တွေက တရားမဝင်တဲ့ မဲတွေကို သုံးပြီး ရွေးကောက်ပွဲမှာ မသမာတဲ့ နည်းနဲ့ ကျွန်တော်တို့အပေါ် နိုင်အောင် လုပ်နေတယ်” လို့ ထရမ့်က ပြောခဲ့ပါတယ်။

“တကယ်လို့ ခင်ဗျားတို့ဟာ တရားဝင် မဲတွေကိုပဲ ရေတွက်မယ်ဆိုရင် ကျွန်တော် အလွယ်တကူပဲ နိုင်မှာပါ၊ သူတို့က ရွေးကောက်ပွဲမှာ အကြံအဖန် လုပ်ဖို့ ကြိုးစားနေကြတယ်လေ၊ ဒါမျိုး ဖြစ်ဖို့ ကျွန်တော်တို့ ခွင့်မပြုနိုင်ဘူး” လို့လည်း ထရမ့်က ပြောခဲ့ပါတယ်။

ထရမ့်ရဲ့ ယခုလို စောဒကတက် ပြောကြားမှုတွေကတော့ ရွေးကောက်ပွဲနေ့ လူကိုယ်တိုင် ပေးတဲ့ မဲတွေထက် စာတိုက်ကနေတဆင့် ပေးတဲ့ မဲတွေရဲ့ တည်ကြည်စိတ်ချရမှုကို အထူး ပစ်မှတ်ထားရည်ရွယ်ခဲ့တာဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ အဓိကအဆုံးအဖြတ်ပေးမယ့် ပြည်နယ်တွေမှာ မဲတွေ ဆက်လက်ရေတွက်နေဆဲဖြစ်ပြီး ရလဒ်ကို မကြေညာနိုင်သေးပါဘူး။

လက်ရှိအခြေအနေအရ ဒီမိုကရက်တစ် သမ္မတလောင်း ဂျိုးဘိုင်ဒင်က ကိုယ်စားလှယ်မဲအရေအတွက် ၂၅၃ မဲ ရထားပြီး ထရမ့်ကတော့ ၂၁၄ မဲ ရထားပါတယ်။

သမ္မတလောင်းတွေအနေနဲ့ ရွေးကောက်ပွဲမှာ နိုင်ဖို့ဆိုရင် ကိုယ်စားလှယ်မဲ ၂၇၀ ရဖို့ လိုအပ်ပြီး လက်ရှိအချိန်အထိတော့ ဘယ်သူကမှ အဲဒီ မဲပမာဏကို မရသေးပါဘူး။

ဘိုင်ဒင်အနေနဲ့ကတော့ အရီဇိုးနားပြည်နယ်က ကိုယ်စားလှယ်မဲတွေကိုသာ ထည့်တွက်လိုက်မယ်ဆိုရင် သူဟာ ကိုယ်စားလှယ်မဲအရေအတွက် ၂၆၄ မဲအထိ ရရှိနေမှာဖြစ်ပါတယ်။ အဆိုပါ အရီဇိုးနားပြည်နယ်မှာ ဘိုင်ဒင် နိုင်နေပြီလို့ Fox News နဲ့ AP တို့က ထည့်တွက် ဖော်ပြထားတာဖြစ်ပေမယ့် အခြား မီဒီယာတွေကတော့ အဲဒီလို ထည့်တွက်ဖော်ပြပေးတာမျိုး မရှိသေးပါဘူး။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly