အန္ဒိယမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၈ သန်း အထိ ရှိလာ

အန္ဒိယမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၈ သန်း အထိ ရှိလာ
Photo - AFP

အောက်တိုဘာ ၂၉

အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအရေအတွက်ဟာ အောက်တိုဘာ ၂၉ ရက်မှာ ရှစ်သန်းကို ကျော်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုဒဏ် ဒုတိယမြောက် အဆိုးရွားဆုံး ခံနေရတဲ့ အဆိုပါနိုင်ငံဟာဆိုရင် ယခုအခါ ကပ်ရောဂါရဲ့ လှိုင်းသစ်တစ်ခုကို အားတင်းရင်ဆိုင်ရဖို့ ရှိပါတယ်။ 

လူဦးရေ ၁ ဒသမ ၃ ဘီလီယံခန့် ရှိတဲ့ အိန္ဒိယမှာဆိုရင် ယခုအခါမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူဦးရေ ၈,၀၄၀,၂၀၃ ဦး ရှိနေပြီဖြစ်ပြီး ယင်းဗိုင်းရပ်စ်ကြောင့် သေဆုံးသူဟာလည်း ၁၂၀,၅၂၇ ဦး ရှိနေတယ်လို့ အစိုးရရဲ့ အ သစ်ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ သိရပါတယ်။ 

အမေရိကန်နိုင်ငံမှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၉ ဒသမ ၁ သန်းကျော်နဲ့ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂၃၀,၀၀၀ ကျော် ရှိနေပါတယ်။ 

အိန္ဒိယဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာပေါ်မှာ သေဆုံးမှုနှုန်း အနိမ့်ဆုံးနိုင်ငံတွေထဲမှာ ပါဝင်ပြီး ကူးစက်မှုအသစ်တွေ့ရှိမှုအရေအတွက်ဟာလည်း ပြီးခဲ့တဲ့ ရက်တွေအတွင်း နှေးကွေးထားခဲ့ပါတယ်။ 

ဒါပေမယ့်လည်း ဆောင်းဥတု ဝင်ရောက်မှုနဲ့အတူ နိုဝင်ဘာ ၁၄ ရက် ယင်းနိုင်ငံရဲ့ အရေးအကြီးဆုံးသော ဘာသာရေးပွဲတော် ဒီဝါလီနေ့ နောက်ပိုင်း ကူးစက်မှုတွေ ထိုးတက်နိုင်မှုအတွက် အားတင်းရင်ဆိုင်ဖို့ အာဏာပိုင်တွေဘက်က ပြင်ဆင်နေကြပါတယ်။ 

နယူးဒေလီမှာတော့ အောက်တိုဘာ ၂၈ ရက်က ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူသစ် ၅,၀၀၀ အထိ ရှိခဲ့ပြီး ဒါဟာ ကပ်ရောဂါ ဖြစ်ပွားပြီးနောက်ပိုင်း အမြင့်ဆုံး တစ်နေ့တာ ကူးစက်မှုကိန်းဂဏန်းဖြစ်ပါတယ်။ နိုင်ငံရဲ့မြို့တော်မှာဆိုရင် လာမယ့် လှိုင်းမှာ တစ်နေ့ကို ကူးစက်ခံရသူ ၁၀,၀၀၀ ကျော်အထိ မြင်ရနိုင်တယ်လို့လည်း တာဝန်ရှိသူတွေက သတိပေးထားပါတယ်။ 

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂၅၀,၀၀၀ ကျော်နဲ့ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၀,၀၀၀ ကျော်နဲ့အတူ နိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်မှုဒဏ် အဆိုးရွားဆုံးခံထားရတဲ့ မြို့ဖြစ်တဲ့ ဘဏ္ဍာရေးအချက်အချာ မွမ်ဘိုင်းမှာတော့ လက်ရှိအချိန်မှာ တစ်နေ့ကို ကူးစက်ခံရသူ ၂,၀၀၀ ခန့်နဲ့ ထပ်တိုးနေတယ်လို့ သိရပါတယ်။ 

လက်ရှိအချိန်မှာ အိန္ဒိယပြည်သူတွေဟာဆိုရင် လူခွာနေမှုနဲ့ အခြား သတိပေးချက်တွေနဲ့ပတ်သက်လို့ “အလေးမထား၊ ဂရုမစိုက်” ဘဲ ရှိနေကြတယ်လို့ ဝန်ကြီးချုပ် နာရင်ဒြာ မိုဒီက မကြာသေးခင်က ပြောခဲ့တဲ့ မိန့်ခွန်းတွေထဲမှာ ပြည်သူတွေကို သတိပေးပြောကြားထားခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly