အောက်တိုဘာ ၂၅၊ ၂၀၂၀
ဘင်္ဂလားဒေ့ရှ်ရောက် နေရပ်စွန့်ခွာ ရိုဟင်ဂျာများ (မူရင်း) ကို ပြန်လက်ခံသွားမည်ဟု တရုတ်အစိုးရကို မြန်မာက မကြာသေးမီတွင် အာမခံ ပြောဆိုထားကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ် ဒါကာ ထရီးဗြူးသတင်းစာက ရေးသားထားသည်။
အောက်တိုဘာလ ၂၂ ရက်နေ့က ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ အေ ကေ အဗ္ဗဒူမိုမင်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယီတို့ ဖုန်းဖြင့် ဆက်သွယ် ဆွေးနွေးစဉ် မြန်မာအစိုးရ၏ အာမခံချက်ကို ထည့်သွင်းပြောဆိုသွားခြင်းဖြစ်ကြောင်း ဒါကာ ထရီးဗြူးသတင်းက ဖော်ပြသည်။
မြန်မာအစိုးရ တာဝန်ရှိသူ အဆင့်ဆင့်နှင့် အမြဲမပြတ် အဆက်သွယ်ရှိနေကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးက ပြောသည်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာလ ၂၃ ရက်နေ့တွင် ပြောသည်။
COVID-19 ကပ်ရောဂါ အခြေအနေ ထိန်းချုပ်လာနိုင်သည့်အခါတွင် ရိုဟင်ဂျာများ (မူရင်း) ကို ပြန်လည်လက်ခံသွားမည်ဟု မြန်မာအစိုးရက တရုတ်အစိုးရထံ ပြောထားသည်ဟု သိရသည်။
ထောင်ပေါင်းများစွာသော ရိုဟင်ဂျာများ (မူရင်း) ကို ပြန်လက်ခံရေး ဘင်္ဂလားဒေ့ရှ်နှင့် မကြာမီ ဆွေးနွေးသွားမည်ဟု မြန်မာအစိုးရက တရုတ်ကို ပြောထားကြောင်းလည်း ဝန်ကြီး မစ္စတာ ဝမ်ယီက ပြောသည်။
မြန်မာနိုင်ငံတွင် နိုဝင်ဘာ ရွေးကောက်ပွဲ ပြီးပါက နေရပ်စွန့်ခွာသူများ ပြန်လက်ခံရေး ဘင်္ဂလားဒေ့ရှ်၊ မြန်မာနှင့် တရုတ်တို့အကြား သုံးပွင့်ဆိုင် သံတမန်အဆင့် ဆွေးနွေးမှု စတင်မည်ဖြစ်ပြီး ယင်းနောက် ဝန်ကြီးအဆင့် ဆွေးနွေးမှုများ ပြုလုပ်လိမ့်မည်ဟုလည်း မစ္စတာ ဝမ်ယီက ဒေါက်တာ မိုမင်ကို အခိုင်အမာ ပြောထားကြောင်းလည်း သိရသည်။
နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး အဆင့်မြင့်အရာရှိများအဆင့် အကြို သုံးပွင့်ဆိုင် ဆွေးနွေးပွဲပြုလုပ်ရန်လည်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးက အလေးထား ပြောဆိုခဲ့ကြောင်းလည်း သိရသည်။