အသက် ၈၀ ပြည့်ဖို့ ရက်ပိုင်းသာလိုတော့တဲ့ ဘရာဇီးလ်ဘောလုံးဂန္တဝင် ပီလီက သူရဲ့ ကောင်းမွန်တဲ့ စိတ်ကျန်းမာရေးအတွက် သူဟာ ပျော်ရွှင်နေတယ်လို့ အင်္ဂါနေ့က သတင်းမီဒီယာကို ပေးပို့တဲ့ ဗီဒီယိုဖိုင်တစ်ခုမှာ ပြောပါတယ်။
"ဒီအသက်အရွယ်အထိ ကျနော့်ကို ကျန်းမာခွင့်နဲ့ တသမတ်တည်း စဉ်းစားတွေးခေါ်နိုင်စွမ်းအခွင့်ပေးတဲ့ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ အရမ်းကြီး အသိဉာဏ်ထက်မြက်မနေပေမယ့် စိတ်ကြည်လင်နေပါတယ်။"လို့ သူက သောကြာနေ့မှာ ကျရောက်မယ့် သူ့ရဲ့ မွေးနေ့မတိုင်ခင် ထုတ်လွှင့်ခဲ့တဲ့ ဗီဒီယိုအတိုတစ်ခုမှာ ဟာသနှောပြီး ပြောပါတယ်။
"ကျနော် သေတဲ့အချိန်မှာ ဘောလုံးကို ချစ်မြတ်နိုးတာကြောင့် ကျနော့်ကို ကမ္ဘာတစ်ဝှမ်းလုံးက ကြိုဆိုတဲ့နည်းအတိုင်း ဘုရားသခင်က ကျနော့်ကို ကြိုဆိုလိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်။"လို့ သူက ဆက်ပြောခဲ့ပါတယ်။
ထာဝရအကြီးကျယ်ဆုံး ဘောလုံးကစားသမားအဖြစ် အများစုရဲ့ သတ်မှတ်ခြင်းခံထားရတဲ့ ပီလီဟာ မကြာသေးခင်နှစ်တွေအတွင်း ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးချို့တဲ့မှုနဲ့ ရုန်ကန်နေရပါတယ်။
ကမ္ဘာ့ဖလားချန်ပီယံ သုံးကြိမ်ရ(၁၉၅၈၊ ၁၉၆၂ နဲ့ ၁၉၇၀) ပီလီဟာ ပြဿနာအမျိုးမျိုးကြောင့် ဆေးရုံတက်လိုက် ဆင်းလိုက်ဖြစ်ခဲ့ရပါတယ်။
ပြီးခဲ့တဲ့နှစ်က သူဟာ ပြင်သစ်ကြယ်ပွင့် အမ်ဘာပေနဲ့ အရောင်းမြှင့်တင်ရေးတစ်ခုအတွက် ပါရီသို့ သွားခဲ့ပေမယ်လည်း ကျောက်ကပ်ပြဿနာကြောင့် မကြာလိုက်ပဲ ဆေးရုံတင်ခံခဲ့ရပါတယ်။
၂၀၁၄ ခုနှစ်မှာ သူဟာ ဆီးလမ်းကြောင်းဆိုင်ရာ ရောဂါကူးစက်ခံရပြီးနောက် ကျောက်ကပ်ဆေးကြောဖို့အတွက် အထူးကြပ်မတ်ကုသခဲ့ရပါတယ်။
နာမည်ရင်း အက်ဒ်ဆင် အာရန်တဲစ်ဒို နတ်ဆီမင်တိုလို့ ခေါ်တဲ့ ဘရာဇီးလ်ဂန္တဝင်ဟာ ပွဲစဉ်တစ်ခုအတွင်း နံရိုးကျိုးဒဏ်ရာရခဲ့ပြီး ကျောက်ကပ်တစ်ခုကို ဖယ်ရှားပစ်ဖို့ ဆရာဝန်တွေက လုပ်ဆောင်ခဲ့ပြီးနောက် သူဟာ ကျောက်ကပ်တစ်ခုတည်းနဲ့ အသက်ရှင်နေတာဖြစ်ပါတယ်။
သူဟာ တင်ပါးဆုံရိုးပြဿနာများကိုလည်း ဆက်တိုက်ခံစားခဲ့ရပြီး ရှားပါးလှတဲ့ လူထုနဲ့ တွေ့ဆုံမှုမျိုးမှာ လမ်းလျှောက်အထောက်အကူကို အသုံးပြုယူဆောင်သွားခဲ့ပါတယ်။
(AFP)