ကျူးဘား၌ တိရစ္ဆာန်ကာကွယ်ရေးဥပဒေသစ်တစ်ရပ် နိုဝင်ဘာလတွင် အတည်ပြုတော့မည်

ကျူးဘား၌ တိရစ္ဆာန်ကာကွယ်ရေးဥပဒေသစ်တစ်ရပ် နိုဝင်ဘာလတွင် အတည်ပြုတော့မည်
Photo - AFP

အောက်တိုဘာ ၁၆

ကျူးဘားနိုင်ငံ ဟာဗားနားမြို့ကလမ်းတွေဟာ စွန့်ပစ်ထားတဲ့ တိရစ္ဆာန်တွေ၊ ဘာသာရေးထုံးတမ်းစဉ်အလာအရ ယဇ်ပူဇော်ခံထားရတဲ့ ကြက်အသေကောင် အမှိုက်တွေနဲ့ ပြည့်နှက်နေတတ်ပြီး ခွေးတွေဟာလည်း တရားမဝင် ခွေးတိုက်ပွဲတွေမှာ အသုံးတော်ခံနေကြရပါတယ်။

ဒါပေမယ့် ကျူးဘားကျွန်းနိုင်ငံမှာ လူလတ်တန်းစား များပြားလာတဲ့အတွက်ကြောင့် အခြေအနေတွေ ပြောင်းလဲလာခဲ့ပြီး တိရစ္ဆာန်အခွင့်အရေးကာကွယ်ပေးမယ့် ဥပဒေတစ်ရပ်ကို မကြာခင် အတည်ပြုတော့မှာဖြစ်ပါတယ်။

၂၀၁၉ ခုနှစ် ဧပြီလတုန်းက လူအင်အား ၅၀၀ ခန့်ဟာ တိရစ္ဆာန်တွေကို ကာကွယ်စောင့်ရှောက်တဲ့ဥပဒေတစ်ရပ် တောင်းဆိုဖို့ ဟာဗားနားမြို့မှာ ချီတက်ဆန္ဒပြခဲ့ကြပြီး တစ်ပါတီနိုင်ငံက ခွင့်ပြုလိုက်တဲ့ ပထမဆုံးသော လွတ်လပ်ပြီးနိုင်ငံရေးကင်းစင်တဲ့ ဆန္ဒထုတ်ဖော်မှုဖြစ်ခဲ့ပါတယ်။

အချိန်တစ်နှစ်ခွဲကြာပြီးတဲ့နောက်မှာတော့ ကွန်မြူနစ်အစိုးရဟာ တိရစ္ဆာန်အခွင့်အရေးကာကွယ်ပေးမယ့် ပထမဆုံးဥပဒေကို လာမယ့်လမှာ အတည်ပြုသွားဖို့ ရှိပါတယ်။

တောင်းဆိုမှုတွေကို ဥပဒေအဖြစ် ပထမဆုံးအကြိမ် ပြောင်းလဲပေးလိုက်တာဟာ လူထုအခြေပြုအဖွဲ့အစည်းအတွက် အရေးပါတဲ့ ခြေလှမ်းတစ်ခုလည်းဖြစ်ပြီး ရိုးရာနဲ့မျက်မှောက်ခေတ်အခြေအနေ ကွဲပြားခြားနားချက်တွေရှိတဲ့ ကျွန်းနိုင်ငံမှာ ယဉ်ကျေးမှုအပြောင်းအလဲကို ပြသလိုက်တာဖြစ်ပါတယ်။

ကျူးဘားနိုင်ငံရဲ့ လမ်းမတွေမှာ တစ်ခါတလေ စီးပွားရေးအကြောင်းပြချက်တွေနဲ့ စွန့်ပစ်ထားတဲ့ ခွေးတွေ ကြောင်တွေနဲ့ ပြည့်နှက်လို့နေပါတယ်။ ကံကောင်းတဲ့အကောင်လေးတွေကတော့ လူတစ်ဦးချင်း ဒါမှမဟုတ် တိရစ္ဆာန် ကယ်ဆယ်ရေးအဖွဲ့တွေရဲ့ ကျွေးမွေးစောင့်ရှောက်တာကို ခံကြရပါတယ်။ ဒါပေမယ့် ကယ်ဆယ်ရေးအဖွဲ့တွေဟာ တိရစ္ဆာန်လေးတွေကိုကျွေးဖို့ရာ တစ်ခါတရံမှာ ငွေကြေးအခက်အခဲတွေ ကြုံကြရပါတယ်။

ဟာဗားနားမြို့က အသက် ၄၉ နှစ်အရွယ် နော်ရစ်ပီရက်ကတော့ လွန်ခဲ့တဲ့ ရှစ်နှစ်က အတက်ရောဂါခံစားနေရတဲ့ခွေးတစ်ကောင်ကို ပထမဆုံးအကြိမ် စတင်ကယ်ဆယ်ခဲ့ပြီး အခုအချိန်မှာတော့ ကြောင် ၂၃ ကောင်နဲ့ ခွေး ၃၈ ကောင်ကို ကျွေးမွေးစောင့်ရှောက်ထားပါတယ်။

နော်ရစ်ပီရက်က “ အကောင်လေးတွေကို ကျွန်မတစ်ယောက်တည်း ပြုစုစောင့်ရှောက်ရတာပါ။ မိသားစုနဲ့ အိမ်နီးချင်းတွေကတော့ တစ်ခါတလေ ကူညီပေးပါတယ်။ အစိုးရဆီက အကူအညီလုံးဝမရပါဘူး။ ကျူးဘားပြည်သူတွေရဲ့ ပျမ်းမျှလုပ်ခလစာဟာ တစ်လကို အမေရိကန်ဒေါ်လာ ၄၀ လောက်ပဲရှိလို့ မလောက်ငှတာတွေလည်း ကြုံရပါတယ်” လို့ပြောပါတယ်။

ဂရက်တဲလ်မွန်တက်ဆိုသူ အမျိုးသမီးကလည်း ကြောင် ၅၅ ကောင်နဲ့ ခွေးလေးကောင်ကို ကျွေးမွေးစောင့်ရှောက်ထားသူ ဖြစ်ပါတယ်။

ဂရက်တဲလ်က “ဥပဒေကို ခွင့်ပြုဖို့က တိရစ္ဆာန်ချစ်သူတွေရဲ့ အိမ်မက်ပါ။ ကျွန်မတို့တွေ ဒီဥပဒေအတွက် တိုက်ပွဲဝင်လာတာ ၃၃ နှစ်ရှိပါပြီ။ ကံမကောင်းစွာနဲ့ပဲ ကျွန်မတို့ကျူးဘားနိုင်ငံဟာ ဒီလိုပြဿနာနဲ့ပတ်သက်ရင် လက် တင်အမေရိကနဲ့ ကာရေဘီယံဒေသက ခေတ်အနောက်ကျဆုံး နိုင်ငံတွေထဲက တစ်ခုပါ” လို့ပြောပါတယ်။

ကျွမ်းကျင်အကသမားတစ်ဦးဖြစ်တဲ့ ဂရက်တဲလ်က ၂၀၀၇ ခုနှစ်တုန်းက ကြောင်နက်လေးတစ်ကောင်ကို မမွေးခင်အထိ တိရစ္ဆာန်တစ်ကောင်ကိုမှ စောင့်ရှောက်ကျွေးမွေးခဲ့ဖူးခြင်းမရှိခဲ့ပါဘူး။ တစ်ကောင်ကို စတင်ကယ်လိုက် ပြီဆိုတာနဲ့ ရပ်လို့မရတော့ဘူးလို့  ဂရက်တဲလ်က ပြောပါတယ်။

ကျူးဘားမှာ တိရစ္ဆာန်ကာကွယ်ရေးဥပဒေကို နိုင်ငံတော်ကောင်စီက နိုဝင်ဘာလမှာ အတည်ပြုပြီး လွှတ်တော်က အတည်ပြုလက်မှတ်ရေးထိုးသွားမှာဖြစ်ပါတယ်။

တိရစ္ဆာန်လေးတွေ ရုပ်ပိုင်းနဲ့စိတ်ပိုင်းဆိုင်ရာ ပြည့်စုံမှုအတွက် အာမခံချက်ရှိစေဖို့ ဥပဒေအသစ်ကို ပြဋ္ဌာန်းရတာဖြစ်တယ်လို့ ဆိုပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly