အရေးပေါ်အမိန့် ထုတ်ပြီးနောက် ထိုင်းဝန်ကြီးချုပ်ရုံး အပြင်ဖက်က ဆန္ဒပြလူထုကို ရဲ ရှင်းလင်း

အရေးပေါ်အမိန့် ထုတ်ပြီးနောက် ထိုင်းဝန်ကြီးချုပ်ရုံး အပြင်ဖက်က ဆန္ဒပြလူထုကို ရဲ ရှင်းလင်း
Protesters gesture toward riot police in Bangkok on Oct 15, 2020. (Photo: AFP/Panumas Sanguanwong)

အောက်တိုဘာ ၁၅

ထိုင်းနိုင်ငံ၌ ကြောက်လန့်ထိတ်လန့်မှုများကို ဖန်တီးလာနိုင်သော လူစုရုံးမှုနှင့် သတင်းထုတ်လွှင့်ခြင်းများကို တားမြစ်သည့် အစိုးရ၏ အရေးပေါ်အမိန့် ထုတ်ပြန်လိုက်ပြီးနောက် ကြာသပတေးနေ့တွင် ဝန်ကြီးချုပ်ရုံးအပြင်ဖက်၌ စုရုံးနေသော ဆန္ဒပြသူ ထောင်ပေါင်းများစွာကို အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့က ရှင်းလင်းသည်။

ကုန်လွန်ခဲ့သည့် သုံးလအတွင်း ဆန္ဒဖော်ထုတ်ပွဲများသည် ဘန်ကောက်မြို့ လမ်းများ၌ ထောင်ပေါင်းများစွာသော  ပြည်သူများ စုရုံးလာသည့်အထိ အင်အားကောင်းလာခဲ့ကာ ယခင် စစ်အစိုးရခေါင်းဆောင်ဟောင်း ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ နုတ်ထွက်ရေးနှင့် ဖွဲ့စည်းပုံသစ် ရေးဆွဲရေးတို့ကို တောင်းဆိုဆန္ဒပြလာကြသည်။

ထိုပြင် ဘုရင်မဟာဝါဇီရလောင်ကွန်း၏ ဩဇာအာကာကြီးသော ဘုရင်စနစ် ပြုပြင်ပြောင်းလဲရေးကိုပါ တောင်းဆိုလာကြရာ နိုင်ငံ၌ ရေရှည်အမြစ်တွယ်နေသည့် ဘုရင်စနစ်အပေါ် မထိရဲ မတို့ရဲသည့် အကျင့်ကိုပါ ချေဖျက်လာခဲ့ကြသည်။

ထိုသို့ ဘုရင်စနစ်ကိုပါ ထိတို့လာသည်က အရေးပေါ်အမိန့်ထုတ်ရသည့် အကြောင်းရင်းတစ်ရပ်လည်း ဖြစ်သည်ဟု အစိုးရက ပြောသည်။ ဆန္ဒပြသူများသည် တော်ဝင်ယာဉ်တန်းကိုပါ ပိတ်ပင်တားဆီးလာသည်အထိ ဖြစ်ခဲ့သည်။

ဒေသစံတော်ချိန် နံနက် ၄ နာရီ၌ အရေးပေါ်အမိန့် အသက်ဝင်သည်နှင့် အဓိကရုဏ်းနှိမ်နင်းရေး ရဲများသည် ဒိုင်းများ အကာအကွယ်ယူကာ အစိုးရရုံးအပြင်ဖက်၌ သပိတ်စခန်းဖွင့်ထားသော ဆန္ဒပြသူများသို့ ချည်းကပ်လာခဲ့သည်။ ဗုဒ္ဓဟူးနေ့ နှောင်းပိုင်းက စတင်ဖွင့်လှစ်သည့် ထို သပိတ်စခန်းတွင် ဆန္ဒပြသူ တော်တော်များများ အင်အားရှိနေဆဲ ဖြစ်သည်။

ဆန္ဒပြသူအချို့က ယာယီအရံအတားများ၊ အမှိုက်ပုံးများဖြင့် ခုခံရန် ကြိုးစားသော်လည်း ချက်ချင်းပင် နောက်သို့ ပြန်ဆုတ်ခွာခဲ့ရသည်။ အရုဏ်တက်တွင် ရဲရာပေါင်းများစွာက အနီးနားက လမ်းများကို ပြန်လည်လက်ရခဲ့ပြီး စည်ပင်လုပ်သားများက စတင်ရှင်းလင်းမှုများ ဆောင်ရွက်သည်။

ဆန္ဒပြခေါင်းဆောင် အနည်းဆုံး သုံးဦး ဖမ်းဆီးခံရသည်ဟု ထိုင်းလူ့အခွင့်အရေးရှေ့နေများအဖွဲ့က ပြောသည်။ ရဲတပ်ဖွဲ့က ချက်ချင်း ထင်မြင်ချက် မပေးသေးပေ။

ဆူပူမှုများ တိုးမြင့်လာခြင်းနှင့် တော်ဝင်ယာဉ်တန်းပါ နှောင့်ယှက်ခံရခြင်းတို့နှင့် ရင်ဆိုင်လာရသဖြင့် အရေးပေါ်အမိန့် ချမှတ်ခြင်း ဖြစ်သည်ဟု အစိုးရက ပြောသည်။

“လက်ရှိ အခြေအနေအား ထိထိရောက်ရောက်နှင့် ငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ထိန်းသိမ်းနိုင်ရန် အရေးပေါ်လုပ်ငန်းစဉ်ကို ချမှတ်ရေး အရေးတကြီးလိုအပ်၍ ဖြစ်ကြောင်း။” နိုင်ငံပိုင်ရုပ်သံက ကြေညာခဲ့သည်။

ထို အရေးပေါ်အမိန့်အားဖြင့် လူငါးဦးနှင့် အထက် မစုရုံးရဘဲ သတ်မှတ်ထားသော ဧရိယာများသို့ ပြည်သူများ ဝင်ရောက်ခြင်းကို အာဏာပိုင်များက တားမြစ်နိုင််သည်။

ထိုပြင် သတင်းပုံနှိပ်ထုတ်ဝေခြင်း၊ အခြားသော မီဒီယာများနှင့် စိုးရိမ်ပူပန်မှုများ ဖြစ်ပွားစေကာ နိုင်ငံတကာက အထင်အမြင်လွဲမှားစေပြီး အမျိုးသားလုံခြုံရေးနှင့် ငြိမ်းချမ်းရေးနှင့် ဥပဒေစိုးမိုးရေးတို့အပေါ် သက်ရောက်လာမည့် နားလည်မှုလွဲမှာအောင် ဖန်တီးသော မက်ဆေ့ချ်များ ပါဝင်သည့် အီလက်ထရောနစ်သတင်းများကိုပါ ယင်းဥပဒေဖြင့် တားမြစ်ပိတ်ပင်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly