ထိုင်ဝမ်ကို တိုက်ခိုက်မည့်အရေး၌ တရုတ်ကို အမေရိကန် သတိပေး 

ထိုင်ဝမ်ကို တိုက်ခိုက်မည့်အရေး၌ တရုတ်ကို အမေရိကန် သတိပေး 

အောက်တိုဘာ ၉

ထိုင်ဝမ်ကို အင်အားသုံးပြီး သိမ်းပိုက်မည့် မည်သို့သော ကြိုးစားမှု မဆိုအတွက် တရုတ်နိုင်ငံအား အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေးက ဗုဒ္ဓဟူးနေ့တွင် သတိပေးလိုက်သည်။ ထိုင်ဝမ်ဆီ ကုန်းရေနှစ်သွယ်ယာဉ်များ ဆင်းသက်ရာတွင် အကျပ်တွေ့ရလိမ့်မည်ဖြစ်သကဲ့သို့ အမေရိကန်အနေဖြင့် မည်သို့ တုံ့ပြန်လာမည်ဆိုခြင်း၌ အတော်လေး မရေမရာ ရှိနေကြောင်း ရောဘတ်အိုဘရိုင်ယန်က ပြောခြင်း ဖြစ်သည်။ 

ပထမကမ္ဘာစစ် မတိုင်မီ ဗြိတိန်တော်ဝင်ရေတပ်ကို ဂျာမနီက ယှဉ်ပြိုင်ရန် ကြိုးစားခဲ့ချိန်နောက်ပိုင်း မမြင်ဘူးသော အကြီးစားရေတပ်တည်ဆောက်မှုကို တရုတ်က လုပ်ဆောင်နေသည်ဟု လက်ဗီးဂတ်စ်ရှိ နီဗားဒါးတက္ကသိုလ်တွင် ပြုလုပ်သော အခမ်းအနားတစ်ရပ်၌ အိုဘရိုင်ယန်က ပြောသည်။ 

“ဒီလို တည်ဆောက်နေတာဟာ တရုတ်အနေနဲ့ အနောက်ပစိဖိတ်ကနေ ကျွန်တော်တို့ကို မောင်းထုတ်လာနိုင်စွမ်း ရှိလာမှာ ဖြစ်သလို ထိုင်ဝမ်ကိုလည်း ကုန်းရေနှစ်သွယ်ယာဉ်တွေနဲ့ ရောက်လာနိုင်တယ်။”ဟု ၎င်းက ပြောသည်။ 

“ပြဿနာကတော့ ဒီလို ကုန်းရေနှစ်သွယ်ယာဉ်တွေ ဆင်းသက်တာမှာ အတော်လေး အခက်အခဲတော့ ရှိနေတယ်။”ဟု ၎င်းက ထပ်လောင်းပြောပြီး တရုတ်နှင့် ထိုင်ဝမ်ကြား မိုင် ၁၀၀ ကွာဝေးခြင်းနှင့် ထိုင်ဝမ်ကျွန်းတွင် ဆင်းသက်နိုင်သော ကမ်းခြေများ ရှားပါးခြင်းတို့ကို ထောက်ပြသည်။ 

“ဒါဟာ လွယ်မှာတော့ မဟုတ်ဘူး။ ပြီးတော့ ထိုင်ဝမ်ကို တရုတ်က တိုက်ခိုက်လာတာကို အမေရိကန်က ဘယ်လို တုံ့ပြန်မလဲဆိုတာနဲ့ ပတ်သက်ပြီး မရေရာမှုတွေ တော်တော်များများ ရှိနေတယ်။”ဟု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်ကျွန်းကို တရုတ်အစိုးရက သိမ်းယူရန် ကြိုးစားလာသည့်အခါ အမေရိကန်၏ တုံ့ပြန်မှု မည်သို့ ရှိမည်နည်းဟု မေးမြန်းသည်ကို ၎င်းက ပြန်လည်ဖြေကြားသည်။ တရုတ်နိုင်ငံက ထိုင်ဝမ်ကို ၎င်း၏ ခွဲထွက်ပြည်နယ်တစ်ခုအဖြစ်သာ အသိအမှတ်ပြုထားကာ လိုအပ်လျှင် အင်အားသုံးပြီး ထိန်းချုပ်မှုအောက် ပြန်လည်ထားရှိမည်ဟု သံန္ဒိဌာန်ချထားသည်။ 

ထိုင်ဝမ်ကို ကာကွယ်ပေးရန် ကြားဝင်စွက်ဖက်မည်လားဆိုသည့် အဆိုပါ မေးခွန်းကို အိုဘရိုင်ယန်က ရေရှည်ရှိနေခဲ့သော အမေရိကန်၏ မဟာဗျူဟာမပြတ်သားမှုကို ရည်ညွှန်းကာ ပြောခြင်း ဖြစ်သည်။  

ထိုင်ဝမ်၏ ကိုယ့်ကိုယ်ကို ကာကွယ်မှုအတွက် ပံ့ပိုးပေးရန် အမေရိကန်က ဥပဒေသတ်မှတ်ပြဋ္ဌာန်းထားသော်လည်း ကြီးမားသော ပဋိပက္ခတစ်ခုဆီ ဦးတည်သွားစေနိုင်သည့် တရုတ်တိုက်ခိုက်မှုမျိုးကဲ့သို့ ဖြစ်စဉ်ဖြစ်ရပ်မျိုး၌ စစ်ရေးအရ ကြားဝင်မည်လားဆိုခြင်းနှင့် ပတ်သက်ပြီး ရှင်းလင်းသည့် မူဝါဒ မရှိထားပေ။ 

ထိုင်ဝမ်အနီး တရုတ်က စစ်ရေးလှုပ်ရှားမှုများ သိသိသာသာ အရှိန်မြှင့်လုပ်ဆောင်လာချိန်နှင့် အမေရိကန်-တရုတ် ဆက်ဆံရေးမှာ ဆယ်စုနှစ်များအတွင်း အနိမ့်ဆုံးအထိ ကျဆင်းနေချိန်၌ အိုဘရိုင်ယန်၏ ယခု မှတ်ချက်ပြုစကား ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။ 

ထိုင်ဝမ်အနေဖြင့် ၎င်း၏ ကိုယ်ပိုင်ကာကွယ်ရေးအတွက် ပို၍ သုံးစွဲရမည်ဖြစ်ပြီး စစ်တပ်ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ကာ ကျူးကျော်ရန် ကြိုးစားမှု၏ ဘေးအန္တရာယ်များကို တရုတ်အား ရှင်းရှင်းလင်းလင်း သိအောင်လုပ်သင့်သည်ဟု အမေရိကန်၏ တိုက်တွန်းထားချက်ကို အိုဘရိုင်ယန်က ထပ်လောင်းပြောဆိုသည်။ 

“ခင်ဗျားတို့အနေနဲ့ ခင်ဗျားတို့ ဂျီဒီပီရဲ့ ၁ ရာခိုင်နှုန်းလောက်လေး သုံးလို့ မရဘူး။ ထိုင်ဝမ်ဟာ ကာကွယ်ရေးမှာ ၁ ဒသမ ၂ ရာခိုင်နှုန်းပဲ သုံးနေတယ်။ နှစ် ၇၀ အတွင်းမှာ အကြီးမားဆုံး စစ်ရေးတည်ဆောက်နေတဲ့ တရုတ်ကို ဟန့်တားနိုင်ဖို့ မျှော်လင့်ပါတယ်။”ဟု ၎င်းက ပြောသည်။ 

ထိုင်ဝမ်အနေဖြင့် စစ်ရေးစစ်ရာတွင် ‘ဖြူတစ်ကောင်အဖြစ် ပြောင်းလဲပစ်ရန်’ လိုကြောင်း ၎င်းက ပြောပြီး “ခြင်္သေ့တွေဟာ ဖြူတွေဆို မစားချင်ကြဘူးလေ။”ဟု ဖြည့်စွက်ဆိုသည်။ 

လာမည့်နှစ်တွင် ကာကွယ်ရေးအသုံးစရိတ်ကို အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံအထိ တိုးမြှင့်ရန် ထိုင်ဝမ်၏ အစီအစဉ်သည် လုံလောက်သေးခြင်း မရှိဘူးဟု အရှေ့အာရှရေးရာ အမေရိကန် အကြီးတန်းကာကွယ်ရေးအရာရှိတစ်ဦးက ပြောသည်။ ကမ်းရိုးတန်းကာကွယ်ရေး ခရုဇ်ဒုံးကျည်များ၊ ရေတပ်မိုင်းများ၊ အမြန်ထိုးစစ်ယာဉ်များ၊ ရွှေ့လျားလက်နက်ကြီးများနှင့် ခေတ်မီထောက်လှမ်းရေးစနစ်များ အပါအဝင် စွမ်းဆောင်ရည်အတွက် ရင်းနှီးမြုပ်နှံသွားရန် ထိုင်ဝမ်အနေဖြင့် လိုအပ်သည်ဟု ၎င်းက ဆိုသည်။ 

ထို ပြောဆိုချက်နှင့် ပတ်သက်ကာ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ခိုင်မာတောင့်တင်းသော အမျိုးသားကာကွယ်ရေးတပ် တည်ဆောက်ရေး လိုအပ်ချက်အရ ပြည့်စုံလုံလောက်သော ဘတ်ဂျက် သုံးစွဲနိုင်ရေး ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ရိုက်တာသို့ တုံ့ပြန်ဖြေကြားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required