အဆိုတော် ယုန်လေး၏ ဖိနပ်ကြော်ငြာအပေါ် ရှုထောင့်ပေါင်းစုံမှ ဝေဖန်နေ

အဆိုတော် ယုန်လေး၏ ဖိနပ်ကြော်ငြာအပေါ် ရှုထောင့်ပေါင်းစုံမှ ဝေဖန်နေ

အောက်တိုဘာ ၂ရက်

အဆိုတော်ယုန်လေးက ၎င်း၏အင်တာနက် လူမှုကွန်ယက်စာမျက်နှာတွင် လွှင့်တင်ထားသည့် ဖိနပ်ကြော်ငြာ အပေါ် အနုပညာရှင်အချို့နှင့် ကျား၊မ အခွင့်အရေးလှုပ်ရှားသူအချို့က ဝေဖန်မှုများ မြင့်တက်နေသည်။

ထိုသို့ ရိုက်ကူးထားမှုသည် အမျိုးသမီးများ၏ ပုံရိပ်ထိခိုက်စေပြီး လိင်ပိုင်းဆိုင်ရာ အနှောက်အယှက်ပေးခြင်းကို လုပ်ပိုင်ခွင့်ရှိသည့် အရာအဖြစ် ရှုမြင်နိုင်စေသည့် သဘော သက်ရောက်သည့်အပြင် အမျိုးသားများအားလည်း အမြင်တစ်မျိုးပြောင်းလဲစေသည့် ပုံစံမျိုးနှင့် ရိုက်ကူးထားသဖြင့် ၎င်းအပေါ် လုံးဝ ရှံ့ချကြောင်း ဒီဇိုင်နာ မပုံ့က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

 ကြော်ငြာထဲတွင် အမျိုး သမီးတစ်ဦးဝတ်စားဆင်ယင်မှုအပေါ် အထင်အမြင် လွဲများစေနိုင်သည့် ပုံစံမျိုး ရိုက်ကူးထားသည့်အပြင် အမျိုးသားများအပေါ် အမြင်မှားစေနိုင်သည့် ပုံစံမျိုး ရိုက်ကူးထားခြင်းကြောင့် အမျိုးသမီး အရေး လှုပ်ရှားသူများ၊ ကြည့်ရှုသူ အမျိုးသား၊ အမျိုးသမီး ပရိသတ်အများစုသာမက အနုပညာရှင်များကပါ အင်တာနက်စာမျက်နှာများတွင် ဝေဖန်နေကြခြင်းဖြစ်သည်။

အကြမ်းဖက်ခံရသည့် အမျိုးသမီးများအား ကူညီပေးသူလည်းဖြစ် ဥပဒေရေးရာကုစားရေးအဖွဲ့(မြန်မာ)မှ ဒါရိုက်တာလည်းဖြစ်သည့် ဒေါ်လှလှရီက “ဖိနပ်ကြော်ငြာမှာ ဒီလိုမျိုးဟာတော့ မလုပ်သင့်ဘူးလို့ အမအနေနဲ့မြင် တယ်။ အခုမြန်မာအမျိုးသမီးတွေဆိုလို့ရှိရင် များသောအားဖြင့် လိင်ပိုင်းဆိုင်ရာ ထိပါးတဲ့ဟာတွေ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုတွေကို public area မှာရော public မဟုတ်တဲ့ ဧရိယာမှာရော ပုံစံမျိုးစုံနဲ့ တချို့ခံနေရတယ်။ ဒီလိုမျိုးရိုက်ပြတာသည် အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ ထိပါးဖို့အတွက်နဲ့ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ဖို့အတွက်နဲ့ တွန်းအားပေးသလိုလည်း ဖြစ်နေတယ်” ဟု ပြောသည်။

အမျိုးသမီးများ၏ ဖုံးကွယ်အပ်သည့် ကိုယ်အင်္ဂါအစိတ်အပိုင်း အပေါ် ဟာသအမြင်ဖြင့်တင်ပြခြင်းသည် အင်မတန်ဆိုးရွားပြီး အမျိုးသမီးများအား မလေးစားရာ ရောက်ကြောင်းနှင့် အမျိုးသားများအပေါ် အမြင် ပြောင်းလဲနိုင် သည့် ပုံစံဖြင့် ရိုက်ကူးထားခြင်းသည် အမျိုးသားထုအတွက် အဆင်မပြေကြောင်း ၎င်းက ဆိုသည်။

“အမျိုးသမီးတွေကို လိင်မှုဆိုင်ရာ အကြမ်းဖက်နှောင့်ယှက်တာတွေသည် အမျိုးသားတိုင်းလုပ်တာမဟုတ်ဘူး။ အဲ့အမျိုးသားတိုင်းလုပ်တာ မဟုတ်တဲ့ အနေအထားမှာ အမျိုးသား လေးယောက်စလုံးက အသက်အရွယ်အပိုင်း အခြား အသက်ကြီးတဲ့ပုံစံမျိုးနဲ့ အသက်ကြီးတဲ့သူပါ ပါဝင်ပြီးတော့ အဲ့လိုမျိုး လိင်မှုဆိုင်ရာ စော်ကားတဲ့ဟာတွေကို  ပါဝင်ပြီးတော့လုပ်ပြတာသည် အမျိုးသားထုတစ်ရပ်အနေနဲ့လည်း သိက္ခာကျစေတဲ့ အပြုအမူတစ်ခုအနေနဲ့ မြင်တယ်ပေါ့နော်” ဟု ဒေါ်လှလှရီက ပြောသည်။

အဆိုတော်ယုန်လေး ရိုက်ကူးထားသည့် ဖိနပ်ကြော်ငြာသည် ဖျော်ဖြေရေးသက်သက်သာ ဖြစ်ပြီး  နိုင်ငံတကာရှိဖျော်ဖြေရေးအသီးသီးတွင်လည်း အဆိုပါ ပုံစံမျိုး ရိုက်ကူးမှုမျိုးရှိကြောင်း စက်တင်ဘာ ၁ ရက် က ၎င်း၏ အင်တာနက် လူမှုကွန်ရက်စာမျက်နှာတွင် ပြန်လည်တုံ့ပြန်ရေးသားခဲ့သည်။

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအနေဖြင့် COVID စည်းမျဉ်းစည်းကမ်းများရှိနေသည့်အတွက် လက်ရှိတွင် ၎င်းကြော်ငြာကိစ္စနှင့်ပတ်သက်၍ မည်ကဲ့သို့ လုပ်ဆောင်မည်ကို မသိရှိရသေးကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဌ ဦးအေးကြူလေးက ဆိုသည်။

အဆိုပါ ကြော်ငြာတွင် ယုန်လေး၊ ဧရာ၊ အေးမင်းဟိန်း၊ အောင်မိုးဦး ၊ နေလင်းနှင့် အဲလစ်ရှာတို့ ပါဝင်သရုပ် ဆောင်ထားပြီး ရိုက်ကူးသည့် အောက်တိုဘာ ၂ရက်နေ့အထိ ကြည့်ရှုသူ သုံးသန်းခွဲကျော်ရှိပြီး ရိုက်ကူးထားသည့် ဒါရိုက်တာကို ဖော်ပြထားခြင်းမရှိပေ။

ကြော်ငြာတွင် ပါဝင်သရုပ်ဆောင်သူအချို့ကို ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required