နာဂေါ်နို ကာရာဘက်ခ် ပဋိပက္ခက အကြီးစား စစ်ပွဲဖြစ်လာဖို့ နီးကပ်လာနေပြီလို့ လေ့လာဆန်းစစ်သူ ပြော

By AFP
30 September 2020
နာဂေါ်နို ကာရာဘက်ခ် ပဋိပက္ခက အကြီးစား စစ်ပွဲဖြစ်လာဖို့ နီးကပ်လာနေပြီလို့ လေ့လာဆန်းစစ်သူ ပြော

စက်တင်ဘာ ၃၀

အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်တို့ဟာ ဖြစ်နိုင်ဖွယ် စစ်ပွဲကြီးတစ်ခုအတွက် ပြင်ဆင်ထားကြပြီ ဖြစ်ပြီး နှစ်ဘက်အကြား အပေးအယူ ညှိနှိုင်းမှုတွေလုပ်ဖို့အတွက်တော့ နေရာအနေအထား အနည်းငယ်သာ ရှိနေတယ်လို့ ဂျော်ဂျီယာ အခြေစိုက် နိုင်ငံရေးဆန်းစစ်လေ့လာသူတစ်ဦးဖြစ်တဲ့ အိုလက်စယာ ဗာတန်ယန်က ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က နာဂေါ်နို ကာရာဘက်ခ် ဒေသရဲ့ ရှေ့တန်းတစ်လျှောက်  ပြင်းထန်တဲ့ တိုက်ပွဲတွေ ပေါ်ပေါက်ထားခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ နာဂေါ်နို ကာရာဘက်ခ် ဒေသကတော့ အဇာဘိုင်ဂျန်ကနေ ခွဲထွက် တစ်စင်ထောင်ထားတဲ့ ဒေသဖြစ်ပြီး လူမျိုးစု အာမေးနီးယားတွေ နေထိုင်တဲ့ ဒေသတစ်ခု ဖြစ်ပါတယ်။

“ခုချိန်မှာ ဆိုရင် နာဂေါ်နို-ကာရာဘက်ခ် ပဋိပက္ခဇုန်က ရှေ့တန်း မျက်နှာစာနေရာတစ်လျှောက် အဓိကကျတဲ့ နေရာအားလုံးမှာ အင်္ဂါစုံတဲ့ စစ်ရေး လှုပ်ရှားလုပ်ဆောင်မှုတွေ ဖြစ်ပေါ်နေတာကို ကျွန်မတို့ မြင်တွေ့နေရပါတယ်၊ အမျိုးမျိုးသော လက်နက်ကြီးတွေ၊ နောက်ပြီး အမြှောက်တွေ၊ လူအင်အားတွေ အားလုံးပေါ့၊ အားလုံးကို သုံးထားပါတယ်၊ပြီးတော့ ဆက်ပြီးတော့လည်း တိုးတက်ဖြစ်ပေါ်နေတာကို ကျွန်မတို့ တွေ့နေရပါတယ်” လို့ အိုလက်စယာ ဗာတန်ယန်က ပြောပါတယ်။

“ ကျယ်ပြန်တဲ့ စစ်ပွဲတစ်ခု မြင်ရဖို့ ကျွန်မတို့ သေချာပေါက် တော်တော်လေး နီးစပ်နေပါပြီ၊ ယုတ်စွအဆုံး ဒေသ အတိုင်းအတာတစ်ခုအနေနဲ့တောင် ဖြစ်နိုင်ပါတယ်၊ ကျွန်မဆိုလိုတာက ဒေသတစ်ခုလုံးမှာလို့ ပြောချင်တာဖြစ် ပါတယ်” လို့ သူမက ပြောသွားပါတယ်။

“နှစ်ဘက်စလုံးကတော့ ဖြစ်လာနိုင်ဖွယ် စစ်ပွဲအတွက် ပြင်ဆင်ထားကြပါပြီ၊ နောက်ပြီး နှစ်ဘက်အကြား ဘယ်လို အပေးအယူညှိနှိုင်းမှုမျိုးအတွက်မဆို လုပ်ဖို့အတွက် နေရာအနေအထား အနည်းငယ်ပဲ ရှိနေတဲ့အထိ ပြီးခဲ့တဲ့ နှစ်တွေအတွင်း တည်နေရာတွေက လုံးလုံးလျားလျား ပြောင်းလဲထားခဲ့ပါပြီ” လို့လည်း သူမက ပြောပါတယ်။

“ခုချိန်အထိတော့ အပြင်းထန်ဆုံး တိုက်ခိုက်မှုတွေဟာ တောင်ကြားတွေမှာ ဖြစ်ပေါ်ထားခဲ့ပါတယ်၊ ဒါပေမယ့် တကယ်လို့ အဇာဘိုင်ဂျန် တပ်တွေ ဆက်ချီတက်ပြီး တောင်ကုန်းတွေမှာ တည်ရှိတဲ့ လက်ရှိ အာမေးနီးယန်းတွေ ထိန်းချုပ်ထားတဲ့ စစ်စခန်းနေရာတွေကို သိမ်းပိုက်ဖို့ ကြိုးစားမယ်ဆိုရင်တော့ ပဋိပက္ခဇုန်ထဲ သူတို့ နက်နက်ရှိုင်းရှိုင်း ဝင်သွားတာနဲ့ ပိုမို များပြားတဲ့ ဆုံးရှုံးမှုတွေ သူတို့ မြင်ရပါလိမ့်မယ်” လို့လည်း သူမက ပြောပါတယ်။

“ရှေ့တန်းတစ်လျှောက်မှာတော့ သေချာတာက အဇာဘိုင်ဂျန်က ပိုမိုခုခံနိုင်စွမ်း အားနည်းတဲ့ တည်နေရာတစ်ခုမှာ ရှိနေပါတယ်၊ ဘာလို့လဲ ဆိုတော့ ရှေ့တန်းကနေ ၁၅ ကီလိုမီတာ အကွာအဝေးအတွင်းမှာ နေထိုင်ကြတဲ့ ပြည် သူ သုံးသိန်းလောက် ရှိနေလို့ပါ၊ အဲဒါက အရမ်းကို လူနေထူထပ်တဲ့ ဧရိယာတစ်ခုပါ” လို့လည်း ၎င်းက ပြောပါတယ်။

“အရပ်သားတွေ သေတာ ပိုများလာရင် ဘယ်ဘက်ကမဆို တိုက်ခိုက်တာတွေကို ရပ်ဖို့ ဖြစ်နိုင်ခြေက ပိုနည်းသွားပါလိမ့်မယ်၊ ဒုတိယအနေနဲ့ကတော့ ကျွန်မတို့အနေနဲ့ ဒေသမှာ အရပ်သား သေဆုံးမှု များတာကို မြင်ရမယ်ဆိုရင် ဒါက ရုရှားပဲဖြစ်ဖြစ် ဒါမှမဟုတ် တူရကီပဲဖြစ်ဖြစ် ဒေသတွင်း ပါဝါ နိုင်ငံတွေအတွက် ကြားဝင်ဖို့ အရမ်း အားကောင်းတဲ့ အကြောင်းပြချက်တစ်ခု ဖြစ်သွားနိုင်ပါတယ်” လို့ အိုလက်စယာ ဗာတန်ယန်က ပြောသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly