တရုတ်၌ စမ်းသပ်ဆဲကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထိုးထားသူ ၃၅၀ ၀၀၀ ခန့်ရှိ

တရုတ်၌ စမ်းသပ်ဆဲကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထိုးထားသူ ၃၅၀ ၀၀၀ ခန့်ရှိ

စက်တင်ဘာ ၂၉  

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးများကို လူသားများနှင့်စမ်းသပ်မှုအဆင့်လုပ်ဆောင်နေဆဲဖြစ်သော်လည်း တရုတ်နိုင်ငံတွင်  ကာကွယ်ဆေးထိုးထားသူ အနည်းဆုံး ၃၅၀ ၀၀၀ ခန့်ရှိသည်။ 

နိုင်ငံရပ်ခြားသို့ အလုပ်သွားလုပ်မည့်သူ သို့မဟုတ် ကျောင်းတက်မည့်သူများအတွက် အရေးပေါ်အဖြစ် ကာကွယ်ဆေးများထိုးပေးခြင်းဖြစ်သည်။ ကာကွယ်ဆေးထိုးထားသူများအနေဖြင့် ယခုအချိန်ထိ သိသာသော ဘေးထွက်ဆိုးကျိုးများမရှိသော်လည်း ဘေးကင်းလုံခြုံမှုနှင့်ပတ်သက်၍ စိုးရိမ်မှုများရှိဆဲဖြစ်သည်။  

ကာကွယ်ဆေးများထုတ်လုပ်သည့် တရုတ်အစိုးရပိုင် ဆေးဝါးကုမ္ပဏီ Sinopharm ၏ လက်အောက်ခံဖြစ်သော ပေကျင်း ဇီဝဗေဒထုတ်ကုန်ကုမ္ပဏီ ( Bejing Institute of Bilogical Products) သို့ လာရောက်၍ ကာကွယ်ဆေးထိုးသူများစွာရှိသည်။ မနက်နှင့်ညတိုင်း သုံးနာရီကြာအချိန်အတွင်း ကာကွယ်ဆေးများထိုးပေးလျက်ရှိသည်။ နေ့စဉ် ကာကွယ်ဆေးထိုးသူ ၁ ၀၀၀ ခန့်ရှိသည် ဟု ဆိုသည်။ 

“ပုံမှန် ဆေးထိုးသလိုပါပဲ။ ထူးထူးခြားခြား ဘာမှမခံစားရပါဘူး” ဟု အနောက်အာဖရိကသို့ ခရီးထွက်မည့် အသက် ၃၂ နှစ်အရွယ် နိုင်ငံပိုင်ကုမ္ပဏီဝန်ထမ်းတစ်ဦးက ပြောသည်။ ပါကစ္စတန်သို့ အလုပ်တာဝန်ဖြင့်သွားနေရမည့် အမျိုးသမီးတစ်ဦးက ကာကွယ်ဆေးထိုးပြီးနောက် လက်မောင်းအနည်းငယ်နာသော်လည်း တခြားဘေးထွက်ဆိုးကျိုးများကို သတိမပြုမိဟု ပြောသည်။ 

လူတစ်ဦးလျှင် ကာကွယ်ဆေးနှစ်ကြိမ်ထိုးရန် လိုအပ်မည်ဖြစ်သည်။ Sinopharm ၏ အချက်အလက်များအရ ကာကွယ်ဆေးများထိုးခြင်းကြောင့် တစ်နှစ်မှသုံးနှစ်အတွင်း ရောဂါကာကွယ်ပေးနိုင်မည်ဟု သိရသည်။ 

ဈေးနှုန်းအတိအကျကို ရှင်းရှင်းလင်းလင်းမသိရသော်လည်း ကာကွယ်ဆေးနှစ်ကြိမ်အတွက် ယွမ် ၁ ၀၀၀ ( အမေရိကန်ဒေါ်လာ ၁၄၅) ဝန်းကျင် ကုန်ကျနိုင်ကြောင်း Sinopharm အကြီးအကဲက ယခင်က ပြောကြားခဲ့သည်။ နိုင်ငံခြားတွင် ပညာသွားသင်မည့်ကျောင်းသားများအနေဖြင့် ကာကွယ်ဆေးကို အခမဲ့ ထိုးနိုင်မည်ဖြစ်သည်။  

ခါးပတ်တစ်ကွင်းလမ်းတစ်စင်း (BRI) စီမံကိန်းလုပ်ဆောင်နေသော နိုင်ငံများရှိ ဝန်ထမ်းများအတွက် ကာကွယ်ဆေးကုန်ကျစရိတ် ကျခံသည့် နိုင်ငံပိုင်လုပ်ငန်းများစွာလည်းရှိသည်။ သံတမန်အရာရှိများနှင့်ကျန်းမာရေးဝန်ထမ်းများလည်း ကာကွယ်ဆေးထိုးကြရသည်။  

အခြားတစ်ဖက်၌ လက်ခံနိုင်ငံများသည် စမ်းသပ်ဆဲကာကွယ်ဆေးထိုးထားကြသူများအတွက် တစ်ကိုယ်ရေ သီးခြားခွဲနေထိုင်ခြင်း လွတ်ကင်းခွင့်ကဲ့သို့သော အထူးခွင့်ပြုချက်ကို လိုက်လျောမှုမပေးနိုင်ကြပေ။ သို့သော်ငြားလည်း ကာကွယ်ဆေးထိုးမှုများ များပြားလျက်ရှိသည်။  

“အရေးပေါ်ကာကွယ်ဆေးထိုးတဲ့သူပေါင်း ၃၅၀ ၀၀၀ လောက်ရှိပါတယ်” ဟု Sinopharm အမှုဆောင်အရာရှိက စက်တင်ဘာလလယ်လောက်က တရုတ်မီဒီယာသို့ ပြောကြားခဲ့သည်၊ 

တရုတ်ဥပဒေအရ လူသားများနှင့်စမ်းသပ်ဆဲဖြစ်သော ကာကွယ်ဆေးများကို ထိုးခွင့်ပြုထားသည်။ တရုတ်အစိုးရ ဇူလိုင် ၂၂ ရက်က အရေးပေါ်ကာကွယ်ဆေးထိုးခွင့်ကို တရားဝင် ခွင့်ပြုခဲ့သည်။  

ကာကွယ်ဆေးထုတ်စက်ရုံများ၌လည်း အားသွန်ခွန်စိုက် ထုတ်လုပ်လျက်ရှိသည်။ ကာကွယ်ဆေးထုတ်လုပ်သည့် Sinovac Bicotech ဇီဝနည်းပညာကုမ္ပဏီသည် ၎င်းတို့ စက်ရုံသစ်ကို ယခုနှစ် မတ်လနှင့်ဇူလိုင်လအတွင်း အပြီးဆောက်လုပ်ခဲ့သည်ဟု အမှုဆောင်အရာရှိချုပ် Yin Weidong က ကြာသပတေးနေ့က မီဒီယာပွဲတစ်ခုတွင် ပြောကြားခဲ့သည်။ Sinovac သည် အရေးပေါ်ကာကွယ်ဆေး ပမာဏ ထောင်ပေါင်းများစွာကို အစိုးရသို့ ထောက်ပံ့ခဲ့သည်ဟု Yin က ဆိုသည်။ 

Sinopharm နှင့် Sinovac ကုမ္ပဏီတို့သည် ကာကွယ်ဆေးစမ်းသပ်မှု အဆင့်- ၃ သို့ရောက်ရှိနေပြီး ယခုနှစ်ကုန်၌ အစိုးရ၏အတည်ပြုချက်ကိုရရှိမည်ဟု မျှော်လင့်ထားကြသည်။ Sinopharm ၏ အချက်အလက်များအရ ကာကွယ်ဆေးထိုးမှုကြောင့် လူအနည်းသာ ဖျားနာခြင်းနှင့်ခေါင်းကိုက်ခြင်းများ ခံစားခဲ့ရပြီး ပြန်လည်ကောင်းမွန်လာသည်ဟု ဆိုသည်။  

Sinovac ကထုတ်လုပ်သည့် ကာကွယ်ဆေးသည်လည်း ဘေးထွက်ဆိုးကျိုးအဖြစ် စမ်းသပ်မှု၏ ၁ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်းအထိသာ ဖျားနာကြပြီး ၂ ရာခိုင်နှုန်းမှ ၈ ရာခိုင်နှုန်းမှာ မောပန်းနွမ်းနယ်ကာ ၁၀ ရာခိုင်နှုန်းခန့်မှာ နာကျင်သည့်ဝေဒနာများခံစားရသည်ဟု ဆိုသည်။ ထိုအချက်များကို ကြည့်ခြင်းအားဖြင့် ကာကွယ်ဆေးနှင့်စပ်လျဉ်း၍ ဆိုးဆိုးရွားရွား ပြဿနာမရှိကြောင်း Sinovac ကုမ္ပဏီက ပြောသည်။ 

အရေးပေါ် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးအသုံးပြုခွင့်ပေးသည့် လက်တစ်ဆုပ်စာနိုင်ငံများအနက် တရုတ်နိုင်ငံအပြင် ရုရှားနှင့် အာရပ်စော်ဘွားများပြည်ထောင်စုတို့လည်းပါသည်။  

အမေရိကန်သည်လည်း လူသားများနှင့်လက်တွေ့စမ်းသပ်မှု မပြီးဆုံးမီ ကိုရိုနာဗိုင်းရပ်စ် အရေးပေါ်ကာကွယ်ဆေးထိုးမှုအတွက် စဉ်းစားလျက်ရှိသည်။ ယူကေအခြေစိုက် AstraZeneca နှင့် အမေရိကန်အခြေစိုက် Pfizer အပါအဝင် ကာကွယ်ဆေးထုတ်လုပ်သည့် ကုမ္ပဏီကိုးခုက အလျင်စလို ကာကွယ်ဆေးထိုးခြင်းနှင့်ပတ်သက်၍ စိုးရိမ်ဖွယ်ရာများကို ညွှန်ပြခဲ့ပြီး ဘေးကင်းလုံခြုံမှုကို ဦးစားပေးသင့်ကြောင်း စက်တင်ဘာ ၈ ရက်က ပူးတွဲကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။  

“ ရေရှည်ထိရောက်မှုနဲ့ ဘေးထွက်ဆိုးကျိုးတွေဟာ မသေချာသေးတဲ့အချိန်မှာ ကာကွယ်ဆေးတစ်မျိုးကို သုံးတာဟာ ပြဿနာများစွာရှိပါတယ်” ဟု ဆေးဘက်ဆိုင်ရာ သုသေသနကုမ္ပဏီကပြောသည်။  

တရုတ်နိုင်ငံ တာ့လီယန်မြို့က အသက် ၃၄ နှစ်အရွယ် ရုံးဝန်ထမ်းအမျိုးသားတစ်ဦးက ကာကွယ်ဆေးထိုးပြီးနောက် သက်သောင့်သက်သာမရှိဟု ပြောသည်။ 

တရုတ်နိုင်ငံထုတ် ကာကွယ်ဆေးများကို ဖွံ့ဖြိုးဆဲနိုင်ငံများကို ဦးစားပေးပို့ဆောင်သွားမည်ဟု ပေကျင်းက ကတိပြုထားသည်။ အရေးပေါ်ကာကွယ်ဆေးထိုးခြင်းသည် ကာကွယ်ဆေးဘေးကင်းလုံခြုံမှုကို ပြသရန် ရည်ရွယ်ခြင်း ဖြစ်နိုင်သော်လည်း စမ်းသပ်မှုများမပြီးခင် အသုံးပြုခြင်းသည် အန္တရာယ်ရှိဆဲဖြစ်သည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly