လှိုင်တွင် ကွာရန်တင်း ဝင်နေသည့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင် ပြုတ်ကျသေဆုံး

လှိုင်တွင် ကွာရန်တင်း ဝင်နေသည့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင် ပြုတ်ကျသေဆုံး

စက်တင်ဘာ ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ မင်းဓမ္မ ပညာ့ရိပ်သာ ကွာရန်တင်းစင်တာတွင် ကွာရန်တင်းဝင်နေသည့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်ရေး ရဲတပ်ဖွဲ့ဝင်တစ်ဦးသည် ယနေ့ စက်တင်ဘာလ ၂၈ ရက် နံနက် ၄ နာရီခွဲ ခန့်တွင် ၁၁ ထပ်အမြင့်ရှိ အဆောက်အဦပေါ်မှ ပြုတ်ကျသေဆုံးသွားကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

“မင်းဓမ္မရိပ်သာမှာ ဖွင့်ထားတဲ့ ကွာရန်တင်းစင်တာ (၄) မှာ ဒီမနက် ၄ နာရီခွဲလောက်က အဲဒီတစ်ယောက်က ပြုတ်ကျတယ်လို့ ကျွန်တော်တို့ ကြားသိရပါတယ်။ သူက အရက်အလွန်အကျွံ သောက်တတ်တဲ့ လူတစ်ယောက် ဖြစ်တယ်လို့ သိရပါတယ်။ သူကနည်းနည်း အဲဒီမှာနေတော့ဗျာ၊ မသောက်မစားရတော့ စိတ်ကယောင်ခြောက်ခြား ဖြစ်တာတွေလည်း ဖြစ်ကောင်းဖြစ်မယ်လို့ သုံးသပ်ပါတယ်” ဟု လှိုင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သက်ဝင်းက ပြောသည်။

လက်ရှိတွင် သေဆုံးသူ၏ ရုပ်အလောင်းအား ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ထားပြီး ပြုတ်ကျရသည့် အကြောင်းအရင်းနှင့် သေဆုံးမှု အခြေအနေတို့နှင့် ပတ်သက်၍ အသေးစိတ်ကို လှိုင်မြို့မရဲစခန်းမှ စစ်ဆေးဆောင်ရွက် နေကြောင်း ၎င်းက ဆိုသည်။

လှိုင်မြို့နယ်တွင် ကွာရန်တင်း စင်တာ ငါးခုရှိသည့်အနက် ထိုအထဲမှ နှစ်ခုအား ကုသရေး စင်တာအဖြစ် ပြောင်းလဲ သတ်မှတ်ထားကာ ထိုစင်တာများတွင် လူဦးရေ စုစုပေါင်း ၁၇ဝဝ ခန့် ရှိကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly