ထိုင်းက မကြာခင်မှာ ကင်ဆာဆေးအစုံ ထုတ်လုပ်တော့မည်

ထိုင်းက မကြာခင်မှာ ကင်ဆာဆေးအစုံ ထုတ်လုပ်တော့မည်

စက်တင်ဘာ ၂၆ 

ထိုင်းအစိုးရဆေးဝါးလုပ်ငန်း( Government Phamaceutical Organisation-GPO) သည်PTTနှင့် ပူးပေါင်း၍ကင်ဆာရောဂါအမျိုးမျိုးတို့အတွက် ဆေးဝါးများထုတ်လုပ်ရန်သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ထို့ကြောင့်ထိုင်းနိုင်ငံမှကင်ဆာဝေဒနာရှင်များသည် ယခင်ကထက်ထက်ဝက် သက်သာသောဈေးနှုန်းဖြင့်ကင်ဆာကုသဆေးများကို လွယ်ကူစွာရရှိနိုင်တော့မည်ဖြစ်သည်။ 

ပြည်သူ့ကျန်းမာရေးဝန်ကြီး အနုတင်ချန်ဗီရာကူး က လွန်ခဲ့သည့်နှစ် ၂၀ အတွင်း ထိုင်းနိုင်ငံတွင် ကင်ဆာ ရောဂါသည်နာတာရှည်ရောဂါများအနက် အဓိကကျသောရောဂါတစ်ခုဖြစ်နေပြီး သေဆုံးမှုအများဆုံး ရောဂါတစ်မျိုးဖြစ်နေသည်ဟု ပြောကြားခဲ့သည်။ နှစ်စဉ်ထိုင်းနိုင်ငံသား ၈၀ ၀၀၀ ကျော်သည်ကင်ဆာ ကြောင့်သေဆုံးခဲ့ပြီး ကင်ဆာရောဂါကုသစရိတ်မှာ အလွန်မြင့်မားလျက်ရှိသည်။ 

နိုင်ငံအတွင်း ကင်ဆာရောဂါကုသဆေးများထုတ်လုပ်နိုင်ပါက ကုသစရိတ် ၅၀% ကျော်ခန့်သက်သာနိုင် မည်ဖြစ်ပြီး ပြည်ပမှဆေးဝါးတင်သွင်းမှုကို လျှော့ချနိုင်မည်ဖြစ်သည်။နှစ်စဉ်ပြည်ပမှ ဆေးဝါးတင်သွင်းရန်ကုန်ကျစရိတ်မှာ ဘတ် ၂၁ ဘီလီယံကျော်ရှိသည်။  

စွမ်းအင်ဝန်ကြီး ဆုပါတာနာပွန်ပန်မီချာအို မှနိုင်ငံဖွံ့ဖြိုးရေးရည်မှန်းချက်ဖြစ်သည့်“ဇီဝဗေဒ၊ဖြန့်ချိရေး နှင့်ပတ်ဝန်းကျင်စိမ်းလန်းသည့်စီးပွားရေး”အရဆေးဝါးထုတ်လုပ်မှုနှင့်သုတေသနလုပ်ငန်းများကို ပိုမိုလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံသည်အကောင်းဆုံး ကျန်းမာရေးနှင့်ဇီဝသိပ္ပံဆိုင်ရာဗဟိုဌာန ဖြစ်လာစေရန်အတွက်ပြီးပြည့်စုံသော ဆေးဝါးစက်ရုံသည် အရေးပါသောအခန်းကဏ္ဍတွင်ရှိလာလိမ့်မည်ဟုပြောကြားခဲ့သည်။ 

ဆေးဝါးစက်ရုံကို ရာရောင် ရှိ ဝမ်နာရွန် စက်မှုနယ်မြေတွင် တည်ဆောက်မည်ဖြစ်ပြီးဆောက်လုပ်ရေး ကုန်ကျစရိတ်မှာ ဘတ် ၂.၅ ဘီလီယံခန့်ရှိမည်ဟုခန့်မှန် းထားသည်။ဆေးဝါးစက်ရုံကို ၂၀၂၂ ခုနှစ်တွင်   စတင်တည်ဆောက်ရန်စီစဉ်ထားပြီး ဆောက်လုပ်ရေးကာလမှာ ၁၄ လခန့်ကြာမြင့်နိုင်သည်။ 

GPO ၏ညွှန်ကြားရေးမှုးချုပ် ဒေါက်တာဝစ်တွန်ဒန်ဝီဘွန်း ကလက်ရှိအချိန်တွင်ထိုင်းနိုင်ငံသည် ကင်ဆာ ကုဆေးဝါးများအားလုံးကိုပြည်ပမှတင်သွင်းနေရကြောင်း၊ GPO သည်ကင်ဆာဆေးဝါးထုတ်လုပ်မှုဖွံ့ဖြိုး ရေးအစီအစဉ်ကို စတင်လုပ်ဆောင်ခဲ့ပြီး ထိပ်တန်းဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းကြီးများထံမှ နည်းပညာများကိုရရှိထားသည်ဟုပြောကြားခဲ့သည်။ 

“ယခုဆောက်လုပ်မည့်ဆေးဝါးစက်ရုံမှတစ်နှစ်လျှင် ဓာတုကုထုံးဆေးသန်း ၃၀ ခန့်နှင့်ဇီဝကုထုံးဆေး ၃၁ သန်းခန့်ထုတ်လုပ်နိုင်မည်ဖြစ်ပြီး ရောဂါပြင်းထန်နေသည့်လူနာများကိုဦးစားပေးကုသပေးရန်ရည်ရွယ် ထားကြောင်း၊ ပြည်တွင်း တွင် သုံးစွဲရန် လုံလောက်စွာထုတ်လုပ်ပြီးပါကပြည်ပသို့တင်ပို့နိုင်ရန်တိုးမြှင့် ထုတ်လုပ်သွားမည်ဖြစ်ကြောင်း၊နိုင်ငံအတွင်းစက်ရုံတည်ဆောက် ထုတ်လုပ်နိုင်ပါကကင်ဆာဆေးဝါး အတွက်ကုန်ကျစရိတ်များသက်သာလာမည်ဖြစ်ပြီး နိုင်ငံအတွက်အလိုအပ်ဆုံးဆေးဝါးများစာရင်းမှ ကင်ဆာဆေးများကိုဖယ်ထုတ်လိုက်နိုင်လိမ့်မည်ဖြစ်သည်”ဟုဒေါက်တာဝစ်တွန်ဒန်ဝီဘွန်းကပြောကြားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly