ဧရာဝတီ ကွာရန်တင်းစင်တာတွင် စေတနာ့ဝန်ထမ်းလုပ်ကိုင်ရန် လူ ၁၀၀ကျော် ခေါ်ယူမည်

ဧရာဝတီ ကွာရန်တင်းစင်တာတွင် စေတနာ့ဝန်ထမ်းလုပ်ကိုင်ရန် လူ ၁၀၀ကျော် ခေါ်ယူမည်

စက်တင်ဘာ ၂၄

သုဝဏ္ဏ မြက်ခင်းတုကွင်းက ဧရာဝတီ ကွာရန်တင်းစင်တာမှာ စေတနာ့ဝန်ထမ်းအဖြစ် လုပ်ကိုင်ဖို့ လျှောက်ထားသူတွေထဲက ကနဦးအနေနဲ့ လူဦးရေ တစ်ရာကျော်ကိုသာ ခေါ်ယူသွားမယ်လို့ ဧရာဝတီဖောင်ဒေးရှင်းက သိရပါတယ်။  

လက်ရှိမှာတော့ စေတနာဝန်ထမ်း လုပ်ကိုင်ဖို့ ခေါ်ယူထားတဲ့ စက်တင်ဘာလ၂၂ရက်နေ့က စတင်ပြီး လျှောက်ထားသူဦးရေဟာ ၁၅၀၀ကျော် ရှိနေပြီ ဖြစ်ပါတယ်။

ဒီလျှောက်ထားသူတွေထဲကမှ video callနဲ့ အင်တာဗျုးခေါ်ပြီး နာတာရှည်ရောဂါအခံအရှိသူ၊ ဆေးလိပ်၊ အရက်မသောက်သုံးသူ စတဲ့အချက်တွေနဲ့ ကိုက်ညီသူတွေကိုသာ ရွေးချယ်ခေါ်ယူသွားမှာပါ။

လျှောက်ထားသူတွေအနေနဲ့လည်း စေတနာ့ဝန်ထမ်းအဖြစ် စည်းမျဉ်း၊ စည်းကမ်းအတိုင်းနေထိုင်နိုင်သူတွေ၊ ထမ်းဆောင်ခိုင်းမယ့်တာဝန်ကို သေချာပေါက် ထမ်းဆောင်နိုင်မှသာ လျှောက်ထားသင့်တယ်လို့ ဧရာဝတီ ကွာရန်တင်းစင်တာ၊ ကုသရေးဌာနက ဒေါက်တာ ကောင်းမြတ်စိုးက ပြောပါတယ်။

“စေတနာဝန်ထမ်းဆိုတာကတော့ သူ့စည်းမျဉ်း၊ စည်းကမ်းနဲ့ ဟိုဟာ မလုပ်ချင်ဘူး၊ ဒီဟာမလုပ်ချင်ဘူးတို့ ပြောလို့မရဘူး။ နဂိုတည်းက သူများအတွက် အနစ်နာခံပြီး လုပ်ရတာဆိုတော့ တကယ်ကြိတ်မှိတ် လုပ်နိုင်မယ့်သူတွေ လျှောက်ထားပြီးတော့ လာလုပ်ကြပါ” လို့ ဒေါက်တာ ကောင်းမြတ်စိုးက ပြောပါတယ်။  

စေတနာ့ဝန်ထမ်းအဖြစ် လုပ်ကိုင်မယ့်သူတွေဟာ ဧရာဝတီစင်တာမှာ နေထိုင်ပြီး ရက်သတ္တပတ် လေးပတ် အနည်းဆုံး တာဝန်ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။  

သုဝဏ္ဏ မြက်ခင်းတုကွင်းက ဧရာဝတီစင်တာမှာ ပိုးရှိလူနာ ၃၅၀ကျော်အတွက် နေရာကိုလည်း ထပ်မံတိုးချဲ့ဆောက်လုပ်နေတဲ့အတွက် လိုအပ်တဲ့ စေတနာ့ဝန်ထမ်းအင်အားတွေကိုလည်း ထပ်မံခေါ်ယူသွားမယ်လို့ ဧရာဝတီဖောင်ဒေးရှင်းက သိရပါတယ်။

စေတနာ့ဝန်ထမ်း ၃၅၀ကျော် နေထိုင်နိုင်မယ့် နေရာထိုင်ခင်းတွေကို လက်ရှိမှာစီစဉ်နေတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ပိုးတွေ့လူနာ ၄၀၀ကျော်အတွက် စေတနာဝန်ထမ်း ၃၅ဦး၊ ကြက်ခြေနီတပ်ဖွဲ့ဝင် ၂၀ဦးက ကူညီဆောင်ရွက်ပေးနေပါတယ်။

ဧရာဝတီစင်တာမှာတော့ လူနာတွေကို ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ရက်က စတင်လက်ခံကုသပေးခဲ့တာဖြစ်ပြီး ဆေးကုသမှုနဲ့စားသောက်ရေးအတွက်ကိုတော့ ဧရာဝတီဖောင်ဒေးရှင်းကနေ တာဝန်ယူပေးနေတာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly