အိန္ဒိယကဝယ်ယူထားသည့် ပြင်သစ် Rafale တိုက်လေယာဉ်များ တရုတ်နယ်စပ်အနီး လေ့ကျင့်ပျံသန်း

By AFP
22 September 2020
အိန္ဒိယကဝယ်ယူထားသည့် ပြင်သစ် Rafale တိုက်လေယာဉ်များ တရုတ်နယ်စပ်အနီး လေ့ကျင့်ပျံသန်း

စက်တင်ဘာ ၂၂

အိန္ဒိယက ဝယ်ယူထားသည့် ပြင်သစ် Rafale တိုက်လေယာဉ်များသည် တရုတ်နှင့်အငြင်းပွားနယ်စပ်ဒေသ အထက်ဝေဟင်တွင် စမ်းသပ်ပျံသန်းနေခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက စက်တင်ဘာ ၂၁ ရက်တွင် AFP ကို ပြောသည်။  

အိန္ဒိယသည် ပြင်သစ်ဆီက အမေရိကန်ဒေါ်လာ ၉.၄ ဘီလီယံတန်ဖိုးရှိ Rafale တိုက်လေယာဉ် ၃၆ စင်း မှာယူထားပြီး ပထမငါးစင်းကို  စက်တင်ဘာ ၁၀ ရက်က အိန္ဒိယ၌ တရားဝင် တပ်တော်သွင်းခဲ့ခြင်းဖြစ်ပြီး ကာကွယ် ရေးဝန်ကြီး ရက်နက်ရှ်ဆင်းက အဆိုပါတိုက်လေယာဉ်များသည် နယူးဒေလီရန်သူများအတွက် “ခိုင်မာသည့်သတင်းစကား” အဖြစ် တင်စားပြောဆိုခဲ့သည်။  

“Rafale တိုက်လေယာဉ်တွေဟာ လာဒက်အပါအဝင် ကျွန်တော်တို့ရဲ့ စစ်ဆင်ရေးနယ်ပယ်တွေမှာ စမ်းသပ်ပျံသန်းနေကြပါပြီ” ဟု အမည်မဖော်လိုသူ လေတပ်စီနီယာအရာရှိတစ်ဦးမှ AFP ကိုပြောသည်။  

ဇွန်လလယ်က တရုတ်နှင့်အိန္ဒိယစစ်သားများသည် လာဒက်ဒေသတွင် ခိုက်ရန်ဖြစ်ပွားခဲ့ပြီး အိန္ဒိယစစ်သား ၂၀ ဦး သေဆုံးခဲ့သည်။ တရုတ်ဘက်ကလည်း အသေအပျောက်ရှိကြောင်း အတည်ပြုခဲ့သော်လည်း တရားဝင် ကိန်းဂဏန်း မထုတ်ပြန်ခဲ့ပေ။

စက်တင်ဘာလအစောပိုင်းကလည်း တရုတ်-အိန္ဒိယနယ်စပ်တွင် နှစ်ပေါင်း ၄၅ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ပစ်ခတ်မှုများဖြစ်ပွားခဲ့သည်။  

နှစ်နိုင်ငံတပ်မှူးများသည် အငြင်းပွားဖွယ်ဟိမဝန္တာနယ်စပ်ဒေသတစ်လျှောက် တင်းမာမှုများ လျော့ကျစေရေးရည်ရွယ်သော နောက်ဆုံးဆွေးနွေးမှုများပြုလုပ်နေခဲ့စဉ်  Rafale တိုက်လေယာဉ်နှင့်ပတ်သက်၍ ကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

တိုက်လေယာဉ်များ မည်သည့်အချိန်တွင် စတင်အသုံးပြုမည်ကို မထုတ်ပြန်ခဲ့သော်လည်း တနင်္လာနေ့က လာဒက်ဒေသမြို့တော် လေ့ ( Leh ) ၏ ကောင်းကင်ယံတွင် Rafale တိုက်လေယာဉ်တစ်စင်း ပျံဝဲနေသည်ကို AFP ဓာတ်ပုံသတင်းထောက်တစ်ဦးက တွေ့မြင်ခဲ့ခြင်းဖြစ်သည်။

တိုက်လေယာဉ်များသည် စစ်ဆင်ရေးပတ်ဝန်းကျင်တွင် ပျံသန်းနေပြီး အကျွမ်းတဝင်ဖြစ်နေပြီဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက တိုက်လေယာဉ်လွှဲပြောင်းယူရေးအခမ်းအနားတွင် ပြောဆိုခဲ့ကာ လာဒက်ဒေသ အမည်ကို ထုတ်ဖော်မပြောခဲ့ပေ။

Rafale တိုက်လေယာဉ်များသည် အဆင့်မြင့်လက်နက်များဖြင့် ပစ်ခတ်ခြင်းများအပါအဝင် အခြားတိုက်ခိုက်ရေး ရေယာဉ်အစုများနှင့်  အပြင်းအထန်စုပေါင်းလေ့ကျင့်မှုများလုပ်ဆောင်နေသည်ဟု ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။  

အိန္ဒိယသည် စစ်ရေးစွမ်းအားတွင် တရုတ်နှင့်တခြားနိုင်ငံကြီးများနောက်၌ရှိသည်ကို လက်ခံထားပြီး Rafale တိုက်လေယာဉ်များဝယ်ခြင်းသည် ၎င်း၏ ၁.၄ သန်းရှိ ခိုင်မာတောင့်တင်းသောတပ်အင်အားကို မြှင့်တင်သော  ကြိုးပမ်းမှုများအနက် တစ်ခုဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly