ရန်ကုန်နှင့် ရခိုင်တွင်သာ COVID-19 လူနာများ ဆေးရုံတက်ရက်၊ ကွာရန်တင်းရက် လျှော့ချမည်

ရန်ကုန်နှင့် ရခိုင်တွင်သာ COVID-19 လူနာများ ဆေးရုံတက်ရက်၊ ကွာရန်တင်းရက် လျှော့ချမည်
Photo - EPA

ရန်ကုန်၊ စက်တင်ဘာ ၂၁၊ ၂၀၂၀

COVID-19 ပိုး တွေ့ရှိသူ အရေအတွက် မြင့်မားလာသည့် ယခုသီတင်းပတ်အတွင်း ရန်ကုန်တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ရောဂါလက္ခဏာ မရှိသော COVID-19 အတည်ပြုလူနာများကို ဆေးရုံတက်ရက် ၁၁ ရက်ပြည့်ပါက ဆင်းခွင့်ပြုမည်ဟု ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ သန်းနိုင်စိုးက ဆိုသည်။

ယခုကဲ့သို့ ပြောင်းလဲသတ်မှတ်လိုက်သည့်အပေါ် ဒေါက်တာ သန်းနိုင်စိုးက “WHO (ကမ္ဘာ့ကျန်းမာရေးအဖွဲ့) တို့ CDC (ရောဂါ ထိန်းချုပ် ကာကွယ်ရေးဌာန) တို့ လမ်းညွှန်ထားတဲ့အတိုင်းပါပဲ၊ မြန်မာပြည်မှာ ပိုစိတ်ချရအောင် ၁၄ ရက်ဆိုပြီး သုံးရက်တိုးထားတာပါ။ ဆေးရုံမှာ ကုသမှု ၁၁ ရက်ရခဲ့ရင် ရောဂါပြင်းထန်မှု နည်းသွားမယ်။ နိုင်ငံတကာ အတွေ့အကြုံတွေအရ ၁၁ ရက်ကျော် ကူးစက်နိုင်ခြေက နည်းပါတယ်” ဟု ပြောသည်။

၁၁ ရက်နောက်ပိုင်း ဆေးရုံဆင်းပြီး ထူးခြားလက္ခဏာရှိလာပါက ပြန်လည် ပြသနိုင်ရန်အတွက် ဆက်သွယ်နိုင်မည့် လိပ်စာများကိုလည်း တောင်းခံသွားမည်ဟု သိရသည်။

COVID-19 လက္ခဏာ မပြသူများ၊ ကိုယ်ပူကျဆေး သောက်ရန်မလိုသကဲ့သို့ ဖျားနာမှုလည်း မရှိသူများ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာ မရှိသူများမှာ ဆေးရုံတွင် ၁၁ ရက်သာ နေထိုင်ကာ ကျန်းမာရေး စောင့် ရှောက်မှုကို ခံယူရမည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက စက်တင်ဘာလ ၂ဝ ရက်နေ့ ညပိုင်းတွင် ထုတ်ပြန်လိုက်သည်။

အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြင်းထန်သော ရောဂါ လက္ခဏာရှိသူများနှင့် ကိုယ်ခံအား ကျဆင်းနေသူများမှာမူ ယခင်ကအတိုင်း ဆေးရုံတွင် ၂၁ ရက်တက်ရောက်ရမည် ဖြစ်သည်။

ယင်းအပြင် ရန်ကုန်တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်အတွင်း ပြည်ပနိုင်ငံများမှ ရောက်ရှိလာပြီး အသွားအလာ ကန့်သတ်စောင့်ကြည့်မှု ကွာရန်တင်း ခံယူရသူများ၊ ပိုးတွေ့လူနာနှင့် ဆက်စပ်ခဲ့သူများမှာ နှာခေါင်းတို့ဖတ်နှင့် အာခေါင်တို့ဖတ် နှစ်ကြိမ်စစ်ဆေးပြီး ကွာရန်တင်းစင်တာများတွင် ခုနစ်ရက်သာ ဝင်ရန် ထုတ်ပြန်ထားသည်။

စတင်တွေ့ရှိသည့်ရက်တွင် ပထမအကြိမ် နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်ယူပြီး ငါးရက်မှ ခုနစ်ရက်အတွင်း ဒုတိယအကြိမ် နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်ယူ စစ်ဆေးကာ ပိုးမရှိပါက ကျန် ခုနစ်ရက်ကို မိမိနေအိမ် တွင်သာ ဆက်လက် နေထိုင်ရမည်ဟုလည်း ထုတ်ပြန်ထားသည်။ ခြွင်းချက်အနေဖြင့် နေအိမ်တွင် ကျန်းမာရေး မကောင်းသူများရှိပါက သတ်မှတ် ကွာရန်တင်း စင်တာတွင်သာ ဆက်လက် နေထိုင်ရမည် ဖြစ်သည်။

ယခုကဲ့သို့ ကွာရန်တင်းရက်များ၊ ပိုးတွေ့လူနာများ၏ ဆေးရုံတက်ရောက်ရမည့် ရက်များကို လျှော့ချသည့်အပေါ်ကို မဝေဖန်လိုသော်လည်း ကျန်းမာရေးဝန်ထမ်း၊ ဆေးရုံနေရာအခက်အခဲ၊ ကွာရန်တင်းစင်တာ ထားရှိမှု အခက်အခဲများကြောင့် ယခုကဲ့သို့ ဖြေရှင်းမှုမျိုး လုပ်ရကြောင်း လှိုင်မြို့နယ်ရှိ  ဖျားနာကုသမှုဆေးခန်း (Fever Clinic) တာဝန်ခံဆရာဝန် ဒေါက်တာ အောင်မော်မင်းက ဆိုသည်။

“ပထမလှိုင်းပြီးပြီးချင်း သိပ်ပြဿနာ မရှိပေမယ့် အခု ဒုတိယလှိုင်းမှာ သိသိသာသာကြီး ကြီးလာတဲ့အခါကျတော့ ဆေးရုံအားလုံးမှာ နေရာပြည့်သွားတဲ့သဘော ဖြစ်သွားတယ်။ ဆေးရုံမှာ လုပ်နေတဲ့ ဆရာဝန်၊ ဝန်ထမ်းတွေ အတွက်ရော  လူနာတွေအတွက်ရောပေါ့၊ အဆင်မပြေတာ တော်တော်များသွားတယ်။ အဲ့ဒီအတွက် ဝန်ထုပ်ဝန်ပိုး လျှော့ချသလို ဖြစ်သွားတယ်” ဟု ဒေါက်တာ အောင်မော်မင်းက ပြောသည်။

ပိုးတွေ့လူနာ များပြားလာပါက အစိုးရဆေးရုံများတွင် နေရာအခက်အခဲ ရှိလာနိုင်မှုကြောင့် ပုဂ္ဂလိက ဆေးရုံများတွင် တက်ရောက် ကုသနိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက မူအားဖြင့် သဘောတူညီထားပြီး အသေး စိတ် ညှိနှိုင်းမှုကို ဆက်လက် လုပ်ဆောင်လျက်ရှိကြောင်းကိုလည်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ သန်းနိုင်စိုးက ဆိုသည်။

စက်တင်ဘာလ ၂၁ ရက် ညနေ ၄ နာရီခွဲအထိ မြန်မာတစ်နိုင်ငံလုံးတွင် COVID-19 အတည်ပြုလူနာ ၅၈၀၅ ဦး၊ ရောဂါကြောင့် သေဆုံးသူ ၉၇ ဦး ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required