စက်တင်ဘာ ၁၆၊ ၂၀၂၀
မြန်မာနိုင်ငံအတွင်း COVID-19 ရောဂါ ကူးစက်မှုများ မြင့်တက်လာသည့် ဩဂုတ်လနောက်ပိုင်း ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ရှိ ချစ်ကြည်ရေးတံတား အမှတ် (၂) ကို ဖြတ်သန်း၍ ပြည်တော်ပြန်လာသည့် မြန်မာနိုင်ငံသားဦး ရေ လျော့ကျလာကြောင်း သိရသည်။
ပြန်လာသူအများစုမှာ ထိုင်းတွင် အလုပ်လုပ်ကိုင်ကြသည့် ရွှေ့ပြောင်းလုပ်သားများဖြစ်ပြီး အချို့မှာ ကျန်းမာရေးကိစ္စကြောင့် ထိုင်းနိုင်ငံဘက်သို့ သွားရောက် ဆေးကုသသူများလည်း ဖြစ်သည်။
“ရခိုင်ပြည်နယ်ဘက်တို့၊ ရန်ကုန်တိုင်းဒေသကြီးဘက်တို့၊ တခြားပြည်နယ်နဲ့ တိုင်းတွေမှာလည်း နည်းနည်းဖြစ်တာ ရှိတဲ့အတွက် အဲ့ဒီ ဧရိယာတွေကိုတော့ ပြန်လာတဲ့သူ နည်းလာတဲ့ သဘောမျိုးတော့ ရှိတာပေါ့ခင်ဗျ” ဟု မြဝတီခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ပြောသည်။
ထိုင်းဘက်တွင်လည်း COVID-19 ရောဂါ ကူးစက်မှုများ လျော့ကျလာပြီးနောက် လုပ်ငန်းများ ပြန်လည်ပတ်နေခြင်းသည်လည်း ပြည်တော်ပြန်သူ လျော့ကျလာရခြင်း၏ အကြောင်းရင်းတစ်ရပ် ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
“အရင်တုန်းက တစ်ရက် ၄၀၀၊ ၅၀၀ လောက် ပြန်ဝင်တာကနေ အခုကတော့ ၂၀၀၊ မနေ့ကဆို ၁၈၂ ယောက်။ ၂၀၀ တောင် မပြည့်ဘူးခင်ဗျ။ နည်းနည်းတော့ လျော့သွားတာပေါ့” ဟု ဦးတေဇာအောင်က ပြောသည်။
မတ်လ ၂၁ ရက်နေ့မှ စက်တင်ဘာလ ၁၅ ရက်နေ့အထိ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ရှိ ချစ်ကြည်ရေးတံတား အမှတ် (၂) မှ ပြည်တော်ပြန်လာသူ ဦးရေမှာ ၁၁၀၀၀၀ ကျော် ရှိနေပြီဟုလည်း သိရသည်။
ထိုင်း-မြန်မာ နယ်စပ်ဂိတ်များ ပိတ်ထားဆဲကာလ ဖြစ်သော်လည်း ကုန်သွယ်ရေး မထိခိုက်စေရန် ကုန်တင်ကားများကို ဝင်၊ ထွက်ခွင့် ပြုထားသည်။
ထို့အပြင် ထိုင်းနိုင်ငံသို့ဖြစ်စေ၊ မြန်မာနိုင်ငံသို့ဖြစ်စေ မိမိတို့၏ သက်ဆိုင်ရာ နိုင်ငံသားများသာ ဝင်၊ ထွက်ခွင့် ရှိသေးကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံသား အလုပ်သမားများ ထိုင်းဘက်သို့ ဝင်ရောက်မည်ဆိုပါက ကျန်းမာရေးအာမခံ ပြရမည်ဖြစ်ပြီး မိမိအစီအစဉ်ဖြင့် ၁၄ ရက် အသွားအလာ ကန့်သတ်စောင့်ကြည့်ရေး (quarantine) ဝင်ရမည်လည်း ဖြစ်သည်။