စက်တင်ဘာ ၁၁
ဘူလ်ဂေးရီးယားနိုင်ငံမှာ စက်တင်ဘာ ၁၀ ရက်က အစိုးရဆန့်ကျင်ဆန္ဒပြသူ ရာပေါင်းများစွာဟာ မြို့တော် ဆိုဖီယာရဲ့ ပါလီမန်အဆောက်အအုံရှေ့မှာ စုဝေးခဲ့ကြကာ ဝန်ကြီးချုပ် ဘွိုင်ကို ဘိုရီဆော့ဗ်အစိုးရရဲ့ အဂတိလိုက်စားမှုတွေကို ရှုတ်ချပြောဆိုခဲ့ကြပြီး နုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ ရာထူးသက်တမ်းနှစ်ခုမှာလည်း အချိန်မတိုင်မီ အဆုံးသတ်ခဲ့ရတဲ့ ဘိုရီဆော့ဗ်ဟာ လက်ရှိအာဏာကိုလည်း ၂၀၂၁ ခုနှစ် မတ်လမှာ ကုန်ဆုံးမှာဖြစ်တယ်လို့ ထပ်တလဲလဲပြောဆိုခဲ့ပါတယ်။
လူ ၂၀၀ လောက်ထိခိုက်ဒဏ်ရာ ရခဲ့တဲ့ ဆန္ဒပြပွဲအပြီး တစ်ပတ်အကြာမှာ ကြာသပတေးနေ့က စုဝေးပွဲထပ်မံပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။
အဓိကရုဏ်းနှိမ်နင်းရေးတပ်ဖွဲ့တွေက ဆန္ဒပြသူအချို့နဲ့ သတင်းထောက်အများအပြားကို ရိုက်နှက်ကာ ဆန္ဒပြသူ ၁၂၆ ယောက်ကို ဖမ်းဆီးသွားခဲ့ပြီး ပြီးခဲ့တဲ့နှစ်တွေအတွင်း ဘော်လ်ကန်ဒေသနိုင်ငံမှာ ဖြစ်လေ့ဖြစ်ထ မရှိတဲ့ မြင်ကွင်းမျိုးဖြစ်ပါတယ်။
မြို့လယ်ခေါင်မှာ စစ်ဆေးရေးဂိတ်တွေ ထား,ထားပြီး ဆန္ဒပြပွဲစီစဉ်သူနဲ့ ရဲတွေက ငြိမ်းချမ်းစွာဆန္ဒပြဖို့ တောင်းဆိုခဲ့ကြပါတယ်။
“ ဝန်ကြီးချုပ် ဘိုရီဆော့ဗ်နဲ့ အစိုးရတစ်ဖွဲ့လုံးနုတ်ထွက်ပေးဖို့ ကျွန်တော်တို့တွေ ဆန္ဒပြလာတာ ၆၄ ရက်ရှိပါပြီ။ လိုအပ်ရင် နောက်ထပ် ၆၄ ရက် ထပ်ပြီး ဆန္ဒပြဦးမှာပါ” လို့ ဆန္ဒပြပွဲစီစဉ်သူတစ်ဦးဖြစ်တဲ့ ရှေ့နေ နီကိုလေး ဟက်ဇီဂျီနော့ဗ်က ပြောပါတယ်။
ကြာသပတေးနေ့တုန်းက ပါလီမန်အနီးမှာရှိတဲ့ ပန်းခြံထဲမှာ ဆန္ဒပြပွဲလှုံ့ဆော်သူတွေရဲ့ ပစ္စည်းတွေလို့ ယူဆရတဲ့ အမျိုးအမည်မသိ အနံ့စူးရှတဲ့အရည်တွေ၊ သစ်သားတုတ်တွေ၊ သံချောင်း ၊ ကျောက်ခဲအိတ်တွေနဲ့ ဓားနှစ်ချောင်း စတာတွေကို ရဲတွေက ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။
ငရုတ်ကောင်းဖျန်းဆေးဘူးဆောင်ထားတဲ့အမျိုးသမီးတစ်ဦးအပါအဝင် အန္တရာယ်ရှိနိုင်တဲ့ ပစ္စည်းကိုင်ဆောင်ထားသူ ခြောက်ဦးကိုလည်း ဖမ်းဆီးခဲ့ပါတယ်။
Transparency International အဖွဲ့ကြီးရဲ့ အဂတိလိုက်စားမှုအကဲဖြတ်အညွှန်းကိန်းအရ ဘူလ်ဂေးရီးယားနိုင်ငံဟာ EU အဖွဲ့ဝင်နိုင်ငံဖြစ်ပြီး ၁၃ နှစ်အကြာမှာ အဆင်းရဲဆုံးနဲ့ အကျင့်ပျက်ခြစားမှုအများဆုံးနိုင်ငံအဖြစ် ဆက်ရှိနေတယ်လို့ ဆိုပါတယ်။