စက်တင်ဘာလ ၁
စက်တင်ဘာလ ၁ ရက်နေ့တွင် ထွက်ရှိလာသည့် (၁၉) ကြိမ်မြောက် အောင်ဘာလေ ကျပ်သိန်းတစ်သောင်းခွဲဆုကို ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ သရက်မြိုင်ရဲရိပ်သာမှ မယမင်းစံက ဆွတ်ခူးခဲ့ကြောင်း သိရသည်။
ရွှေမြန်မာနှစ်စောင်တွဲထီလက်မှတ် ပေါက်မဲနံပါတ် ပ-၃ဝ၇၆၆၆ ဖြင့် ကျပ်သိန်းတစ်သောင်းခွဲဆွတ်ခူးခဲ့ခြင်းဖြစ်သည်။
ကျပ်သိန်းတစ်သောင်းခွဲကံထူးရှင် မယမင်းစံက“အဲ့ဒီနံပါတ်ကို ကြိုက်လို့ ရွေးလိုက်တာပါ။ ညီမတို့ရုံးက မန်နေဂျာအမဆီကဝယ်တာ။ သူက တစ်ဆင့်ယူလာပြီး ရောင်းပေးတာ။ ထီပေါက်တယ်ပြောတုန်းက ယုံတောင်မယုံနိုင် ဘူး။ အရမ်းပျော်ပါတယ်။ အဖေဆိုရင် မျက်ရည်တောင်ကျပါတယ်” ဟု ပြောသည်။
လစဉ်တိုင်း နေရာနှစ်နေရာခွဲပြီး ထီထိုးလေ့ရှိသော်လည်း ယခင်က ထီဆုမပေါက်ဖူးဘဲ ယခုပထမဆုံးအကြိမ်အဖြစ် ကျပ်သိန်းတစ်သောင်းခွဲဆုကို ဆွတ်ခူးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ကျပ်သိန်းတစ်သောင်းခွဲကံထူးရှင် မယမင်းခိုင်သည် အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်ပြီး ကုမ္ပဏီဝန်ထမ်းတစ်ဦးဖြစ်သည်။ ၎င်း၏ အစ်မတော်စပ်သူမှာ ရဲဝန်ထမ်းတစ်ဦးဖြစ်သောကြောင့် ရဲရိပ်သာတွင် မိသားစုနှင့် အတူနေထိုင် လျှက်ရှိပြီး ဆုငွေများဖြင့် အလှူအတန်းပြုလုပ်ပြီး မိသားစုနေထိုင်ရန် အိမ်တစ်လုံးဝယ်သွားရန်ရည်ရွယ်ထားကြောင်းဆိုသည်။
“ညီမကတော့ ဘုရားတည်မယ်ရှင့်။ စေတီတည်မယ်ပေါ့နော်။ ပြီးရင် အမေတို့အတွက် အိမ်ဝယ်ပေးမှာပေါ့နော်။ အမေတို့ကိုပဲ အကုန်ပေးမှာဆိုတော့။ ပြီးရင်တော့ အပြင်လုပ်ငန်းတစ်ခုလုပ်မယ်လို့ စဉ်းစားထားတယ်ရှင့်” ဟု မယမင်းခိုင်က ပြောသည်။
ယခုလအတွက် အောင်ဘာလေထီထဲတွင် ဆုကြေးအမြင့်ဆုံးထဲတွင်တစ်ခုအပါအဝင်ဖြစ်သော ကျပ်သိန်းတစ်သောင်းဆု သ- ၈၂၈၇ဝ၉ ကို လားရှိုးမြို့ မိုးယံရွှေလမင်းနှင့် မြတ်ဆုကုဋေထီဆိုင်မှ ဝယ်ယူသွားသည့် ဦးမင်းခိုင် ကဆွတ်ခူးခဲ့ကြောင်းလည်း သိရသည်။
(၁၉ )ကြိမ်မြောက်အောင်ဘာလေထီထီဖွင့်ပွဲအတွက် ထီလက်မှတ်ရောင်းချရငွေ၏ ၆ဝ ရာခိုင်နှုန်းနှင့် သတ်မှတ်ကာလအတွင်း လာရောက်ထုတ်ယူခြင်းမရှိသော ဆုမဲများ၏ ဘဏ္ဍာသိမ်းရငွေမှ ကျပ်သန်း ၂၅ဝ ကို ထည့်သွင်း ကာ ထီဆုများချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။