သြဂုတ် ၃၀
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် တစ်ရက်အတွင်း COVID-19လူနာသစ် ၄၁ ဦးတွေ့ရှိခဲ့ပြီးနောက် ကျောက်ဖြူမြို့ ပြည်သူ့ဆေးရုံကြီး၌ လူနာ ၄ဝ ဝန်းကျင်ထပ်မံထားရှိနိုင်ရေး ပြင်ဆင်နေကြောင်း ဆေးရုံအုပ်ကြီးက မဇ္ဈိမကို ပြောသည်။
သြဂုတ်လ ၃ဝ ရက်နေ့မနက်ပိုင်းအထိ ကျောက်ဖြူမြို့တွင် ပိုးတွေ့လူနာစုစုပေါင်း ၅ဝ အထိရှိလာပြီး လက်ရှိတွင် ကျောက်ဖြူမြို့ ပြည်သူ့ဆေးရုံကြီး၌ ပိုးတွေ့လူနာ ၂၂ ဦးသာထားရှိကာ ကျန်ပိုးတွေ့လူနာများကို ကွာရန်တင်းစင်တာမှာ ယာယီထားရှိကြောင်းသိရသည်။လူနာများထားရှိရန်လိုအပ်ချက်ရှိနေသောကြောင့် ယခုကဲ့သို့တိုးချဲ့ပြင်ဆင်မှုများပြုလုပ်နေရခြင်းလည်းဖြစ်သည်။
ဆေးရုံအုပ်ကြီး ဒေါက်တာရဲလွင်မောင်က “အခုပိုးတွေ့လူနာတွေကတော့ မြို့ပေါ်ကရော နယ်ကရောပါပါတယ်။ ကျွန်တော်တို့ နောက်ထပ် ၄ဝ လောက်ထားဖို့ ထပ်လုပ်နေပါတယ်။ အခုပိုးတွေ့တဲ့လူနာတွေကိုလည်း ကျွန်တော်တို့ ခေါ်ယူနေတုန်းပါ။ အကုန်လုံးကို မထားနိုင်သေးပါဘူး။ ဒီနေ့ကတော့ ကွာရန်တင်းစင်တာရဲ့ အဆောင်မှာ ယာယီထားမှာပါ” ဟု ပြောသည်။
ကျောက်ဖြူမြို့နယ် ၊ ကုတင်(၂၀၀)ပြည်သူ့ဆေးရုံကြီးတွင် ဆေးဝါးနှင့်အထောက်အကူပစ္စည်း များလိုအပ်သလိုကျန်းမာရေးဝန်ထမ်းများလည်းလိုအပ်နေသည်။ကျောက်ဖြူြုမို့သည်ကူးစက်မှုမြန်သည့်မြို့နယ်ထဲတွင်ပါသောကြောင့် ကူးစက်ခံရမှုများထပ်များလာနိုင်ကြောင်းလည်း ဆေးရုံအုပ်ကြီးကသုံးသပ်ထားသည်။
ကျောက်ဖြူမြို့ ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာရဲလွင်မောင်က “ကျောက်ဖြူမြို့နယ်အနေနဲ့ဆိုရင် လူအဝင်အထွက်များတော့ ကူးစက်မှုကတော့ ထပ်များလာနိုင်ပါတယ်။ ကိုဗစ်စဖြစ်ထဲက အသိပညာပေးတာတို့၊ ဘာတို့ရှိပေမယ့် လိုက်နာနိုင်မှုကတော့ အားနည်းနေပါသေးတယ်” ဟု ပြောသည်။
ပိုးတွေ့လူနာများအနက် ဘယ်က ကူးစက်မှန်းမသိရသေးသူများလည်း ပါဝင်နေသည့်အပေါ် ရခိုင်ပြည်နယ်၊ အထူးရောဂါနှိမ်နင်းရေး လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က
“ကျောက်ဖြူကို ပိုးရှိတဲ့လူနာက ရောက်ခဲ့တယ်။ အဲ့လိုထိတွေ့မှုရှိခဲ့လို့ပဲ ကျွန်တော်တို့က သံသယရှိလို့ စစ်တာလေ။ အဲ့ဒီလူက အသိုင်းအဝိုင်းထဲလျှောက်သွားတဲ့အခါမှာ အဆင့်ဆင့်ထိတွေ့သူတွေ စစ်ရင်းပေါ်လာတာပါ” ဟု ပြောသည်။
သြဂုတ်လ ၂၉ ရက်နေ့ညနှင့် သြဂုတ်လ ၃ဝ ရက်မနက်ပိုင်းထုတ်ပြန်ချက်အရ ပိုးတွေ့လူနာအသစ် ၉၃ ဦးထပ်မံတွေ့ရှိခဲ့ပြီး ရခိုင်ပြည်နယ် စစ်တွေမြို့မှ ပိုးတွေ့လူနာသစ် ၃၂ ဦး၊ ကျောက်ဖြူမြို့မှ ၄၁ ဦး၊ မင်းပြားမြို့မှ တစ် ဦးနှင့် အမ်းမြို့နယ်မှ နှစ် ဦးကို ထပ်မံတွေ့ရှိခဲ့ပြီး ကျန်ပိုးတွေ့လူနာများမှာ ရန်ကုန်၊ ပဲခူး၊ မန္တလေးနှင့် ကချင်ပြည်နယ်တို့မှ ဖြစ်သည်။
သြဂုတ်လ ၃ဝ ရက်နေ့မနက်အထိ ရခိုင်ပြည်နယ်တွင် ကိုဗစ်ပိုးတွေ့လူနာ ၃၂၉ ဦးရှိပြီး မြန်မာတစ်နိုင်ငံလုံးတွင် ပိုးတွေ့လူနာစုစုပေါင်း ၇၄၉ ဦးရှိသည်။