ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားပြု ရွေးကောက်ပွဲဝင်ပြိုင်ကြ သည့် ဒုတိယသမ္မတနှစ်ဦးဖြစ်သော ဦးဉာဏ်ထွန်း၊ ဒေါက်တာစိုင်းမောက်ခမ်း တို့ ရွေးကောက်ပွဲတွင် အနိုင်ရရှိသွားသည်။
ပဲခူးတိုင်း၊ ဇီးကုန်းမြို့နယ်တွင် ရွေးကောက်ပွဲဝင်ပြိုင်သည့် ဒုသမ္မတ(၁) ဦးဉာဏ်ထွန်းက အနိုင်ရရှိသွားသည်ဟု ယမန့်နေ့က မဇ္ဈိမသတင်းထောက်က ပေးပို့ထားပြီး ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်တွင် ရွေးကောက်ပွဲဝင်ပြိုင်သည့် ဒေါက်တာစိုင်းမောက်ခမ်းမှာလည်း အနိုင်ရရှိသွားကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်က ယနေ့ညနေတွင် ကြေငြာလိုက်ခြင်း ဖြစ်သည်။
ဒုတိယသမမ္မတ ဒေါက်တာစိုင်းမောက်ခမ်းရရှိသည့် မဲအရေအတွက်မှာ ၃၀၉၀၉မဲဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှ ဦးထွန်းရွှေရရှိသည့် မဲအရေအတွက်မှာ ၂၆၇၂၆ ဖြစ်သည်။ အမျိုးသားလွှတ်တော်အတွက်မူ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)က အနိုင်ရခဲ့ပြီး၊ ပြည်နယ်လွှတ်တော် (၁)အတွက် NLDက ဒေါက်တာလင်းထွန်း၊ ပြည်နယ်လွှတ်တော် (၂)အတွက် ကြံ့ခိုင်ရေးမှ ဦးအောင်သူတို့ အသီးသီး အနိုင်ရခဲ့သည်။