တရုတ်ကွန်မြူနစ်ပါတီသည် လူ့လောကအတွက် ခြိမ်းခြောက်မှုဖြစ်ဟု လူ့အခွင့်အရေး ပညာရှင် ပြော

တရုတ်ကွန်မြူနစ်ပါတီသည် လူ့လောကအတွက် ခြိမ်းခြောက်မှုဖြစ်ဟု လူ့အခွင့်အရေး ပညာရှင် ပြော

သြဂုတ် ၂၅

၂၀၁၂ ခုနှစ်၌ ရှီကျင့်ဖျင် သမ္မတအဖြစ် တာဝန်ယူပြီးချိန်ကတည်းက တရုတ်နိုင်ငံတွင် အရာအားလုံးသည် အဆိုးဝါးဆုံးအခြေအနေကို ဆိုက်ရောက်လာခဲ့ကြောင်း Hunter ကောလိပ်မှ လူ့အခွင့်အရေးဆိုင်ရာ ပညာရှင် Teng Biao က ‘တရုတ်ကွန်မြူနစ်ပါတီ ၊ လူ့လောကနှင့် စည်းမျဉ်းအခြေပြု ကမ္ဘာ့ဖွဲ့စည်းပုံအပေါ် လူ့ဘဝဆိုင်ရာ ခြိမ်းခြောက်မှုတစ်ခု’ ဆိုသည့် အွန်လိုင်းဆွေးနွေးပွဲတစ်ခုတွင် ပြောသွားခဲ့သည်။

ရှီသည် အစိုးရနှင့် သဘောထားကွဲလွဲ ဆန့်ကျင်သူများကို တိုက်ခိုက် သတ်ဖြတ်ခဲ့ပြီး ၂၀၁၂ ခုနှစ်နောက်ပိုင်း တရုတ်၌ အနည်းဆုံးရှေ့နေ ၃၀၀ ခန့် ဖမ်းဆီးထိန်းသိမ်း ကွပ်မျက်ခံခဲ့ရကြောင်း Teng က ပြောသည်။

“ကျွန်တော်လည်း တရုတ်နိုင်ငံထဲမှာ ပြန်ပေးဆွဲခံခဲ့ရတယ်၊ ပျောက်ကွယ်သွားခဲ့ရတယ်၊ နှိပ်စက်ညှဉ်းပန်းခံခဲ့ရတယ်၊ ရှီကျင့်ဖျင် အစိုးရဟာ ကျယ်ပြန်တဲ့ နှိမ်နင်းမှု နည်းလမ်းတစ်ခုနဲ့အတူ အင်တာနက်၊ တက္ကသိုလ်တွေနဲ့ အ ရပ်ဘက်လူ့အဖွဲ့အစည်းအပေါ် ထိန်းချုပ်မှုကို တင်းကျပ်ခဲ့ပါတယ်၊ ရှင်ကျန်းမှာ ဆိုရင် အစိုးရဟာ ဝီဂါ မွတ်ဆလင်တွေနဲ့ အခြား မွတ်ဆလင် အနည်းဆုံး တစ်သန်းကနေ နှစ်သန်းအထိကို ထိန်းသိမ်းခဲ့ပါတယ်၊ အဲဒါက ၂၁ ရာစုအတွင်း အဆိုးဝါးဆုံး လူသားချင်းစာနာမှု ဘေးဒုက္ခဆီ ဦးတည်စေခဲ့တယ်” ဟု Teng Biao က ပြောသည်။

တရုတ်ကွန်မြူနစ်ပါတီ (CCP) ဘက်က အတိုက်အခံ သဘောကွဲလွဲသူများအပေါ် ဖိစီးနှိပ်စက်သည့် သမိုင်းကြောင်း အရင်းခံများကို Teng Biao က မီးမောင်းထိုးထုတ်ဖော်ရင်း စပြောခဲ့သည်။ “CCP က ၁၉၄၉ ခုနှစ်က အကြွင်းမဲ့ အာဏာရှင်စနစ်တစ်ခုကို ထူထောင်ခဲ့တယ်၊ ပြီးတော့ ကူမင်တန် ပြည်သူတွေကို စသတ်တော့တာပဲ၊ မြေပိုင်ရှင်တွေကိုလည်း သတ်ပွဲ လုပ်ခဲ့တယ်၊ ဟိုး အစောကြီးကတည်းက လူသားချင်းစာနာမှုဆိုင်ရာ ဘေး ဒုက္ခတစ်ခု ဖြစ်ဖို့ သက်သေပြခဲ့ပါတယ်၊ PLA နဲ့ အငတ်ဘေးကြောင့် တရုတ်ပြည်သူ သန်းပေါင်းများစွာ သေဆုံးခဲ့ရတယ်၊ ၁၉၈၉ ခုနှစ်မှာ သူတို့ဟာ ထျန်အန်မင် ရင်ပြင်မှာလည်း ဆန္ဒပြသူ ထောင်ပေါင်းများစွာကို အစုလိုက် အပြုံလိုက် သတ်ခဲ့ပြန်တယ်၊ ၁၉၉၉ မှာ Falun Gong အတတ်ပညာ လက်တွေ့ကျင့်သုံးသူ သန်းနဲ့ချီ အကျဉ်းထောင်တွေထဲမှာ ရှိနေခဲ့ပြီး ထောင်နဲ့ချီတို့ဟာ နှိပ်စက်ခံရရင်း သေဆုံးခဲ့ကြပါတယ်” ဟု ၎င်းက ပြောသည်။

ထို့ပြင် အစိုးရနှင့် သဘောကွဲလွဲဆန့်ကျင်သူများ၏ လုပ်ဆောင်ချက်များကို ထုတ်ဝေပုံနှိပ်ခြင်းအတွက် CCP ၏ ခြိမ်းခြောက်မှုကို ရင်ဆိုင်ခဲ့ရသည့် တရုတ် အတိုက်အခံ ကဗျာဆရာတစ်ဦး၏ ဇာတ်လမ်းကိုလည်း Teng က ပြောသွားခဲ့သည်။ ၎င်းသည် ယင်းနောက်ပိုင်း ၁၉၉၀ တွင် ဆွီဒင် ပတ်စ်ပို့ ရခဲ့သည်။ သို့သော် ၂၀၁၅ တွင် ၎င်းသည် ထိုင်းနိုင်ငံတွင် ပြန်ပေးဆွဲခံရပြီး နှိပ်စက်ညှဉ်းပန်းခံခဲ့ရသည်။ ယင်းနောက် ကာလအတော်ကြာ ပျောက် ကွယ်နေခဲ့ပြီး ၎င်းသည် ပြန်လွတ်လာခဲ့သည်။ ယင်းနောက် ၎င်းသည် ဥရောပအမတ်တချို့၏ ရှေ့တွင်ပင် ခေါ်ဆောင်သွားခြင်းခံရပြီး ယင်းနောက် တဖန် ပျောက်ကွယ်သွားခဲ့ပြန်သည်။

တရုတ်တို့ တည်ဆောက်ထားသည့် ဝါဒဖြန့်ကွန်ရက်နှင့်ပတ်သက်၍ Zee News က အစောပိုင်းက ဖော်ပြခဲ့သကဲ့ပင် Teng ကလည်း တရုတ်သည် ကမ္ဘာတဝန်း အားကောင်းသည့် ဝါဒဖြန့် ကွန်ရက်တစ်ခု တည်ဆောက်ထား သည်ဟု ပြောသည်။ အနောက်နိုင်ငံများရှိ တရုတ်မီဒီယာများသည် အမှန်တကယ်ပင် CCP အတွက် အလုပ်လုပ်ပေးနေသော စပိုင်များနှင့် ဝါဒဖြန့်ချီသူများဖြစ်သည်။ သူလျှိုလုပ်ရာတွင် အကူအညီဖြစ်စေရန် တရုတ်အစိုးရ ထောက်ကန်ပေးထားသည့် အက်ပလီကေးရှင်း အချို့လည်း ရှိနေသည်။ ဥပမာ TikTok ၊ WeChat စသည်တို့သည် privacy ကို ချိုးဖောက်နေပြီး တရုတ်၏ ဝါဒဖြန့်ချီမှုကို နက်ရှိုင်းစေရန် ကူညီနေသည့် အခြားသော အက်ပလီကေးရှင်းတချို့ ဖြစ်သည်။ ယင်းအပြင် ကွန်ဖြူးရှပ် အင်စတီကျူ့များသည်လည်း ပညာရေးလွတ်လပ်ခွင့်အတွက် အဓိက ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာသည်။ စုစုပေါင်းအားဖြင့် ယင်းကဲ့သို့ အင်စတီကျူ့မျိုး ၁၀၀၀ ကျော် ရှိနေပြီး အထိအခိုက်မခံသည့် အကြောင်းအရာများ ဆွေးနွေးမှုကို ပိတ်ပင်ပြီး CCP ကို ဝေဖန်သည့် အတိုက်အခံများကိုလည်း ဖိတ်ခေါ်နေခဲ့သည်။

ယင်းနောက် ငြိမ်းချမ်းရေးနှင့် ပဋိပက္ခ လေ့လာမှုဆိုင်ရာ အင်စတီကျူ့မှ senior fellow တစ်ဦးဖြစ်သည့် Abhijit Iyer Mitra ကလည်း ဒုံးကျည် နည်းပညာထိန်းချုပ်မှုစနစ် (MTCR) နှင့် နျူကလီးယား လက်နက်မပြန့်ပွား ရေးစာချုပ်ကို တရုတ်၏ ချိုးဖောက်မှုကို မီးမောင်းထိုး ပြသခြင်းဖြင့် စတင်ခဲ့သည်။ တရုတ်သည် ခရုစ်ဒုံးနှင့် ပဲ့ထိန်းဒုံးကျည်များ အကြီးဆုံး တိုးပွားအောင် လုပ်ဆောင်ထားသူများအနက် တစ်နိုင်ငံဖြစ်ပြီး အစိုးရများ (state actors) များ၊ အစိုးရမဟုတ်သည့်အဖွဲ့အစည်းများ (non-state actor) များနှင့်အကြား ထိန်းချုပ်မထားသည့် သဘောတူညီချက်တစ်ခုဖြင့် ကျူးလွန်ခဲ့သည်ဟု ၎င်းက ပြောသည်။ လက်တွေ့အသုံးပြုသူပိုင်းနှင့်ပတ်သက်၍ စောင့်ကြည့်မှုလည်း မရှိခဲ့ဘဲ အစ္စရေးသင်္ဘော INS Hanit ကို ဟစ်ဘိုဇာတို့ ပစ်ခတ်ခဲ့ချိန်တွင် ယင်းသည် တရုတ်တို့ ထုတ်လုပ်ထားသည့် သင်္ဘောဖျက်ဒုံးကျည်ဖြစ်နေသည်ကို လေ့လာတွေ့ရှိခဲ့သည်။  သို့သော် တရုတ်တို့ ဘက်က non-state actors များကို ဒုံးကျည်များ ရောင်းချနေခြင်းအပေါ် စောင့်ကြည့်လေ့လာမှု ရှိမနေခဲ့ပေ။

“ကမ္ဘာမှာ တရုတ် bad loan (ပြန်မဆပ်နိုင်တဲ့ ငွေကြေး) သားကောင်တွေ ဖြစ်တော့မယ့် နိုင်ငံတွေနဲ့ပတ်သက်လို့ အမျိုးအစား သုံးခု ရှိပါတယ်၊ ပထမ အမျိုးအစားကတော့ ဇမ်ဘီးယားနဲ့ တန်ဇန်နီးယားလိုမျိုး ခွာသွား တော့မယ့် ပါးနပ်တဲ့ နိုင်ငံတွေပါ၊ ဗင်နီဇွဲလားလို နိုင်ငံမျိုးတွေရဲ့ ဒုတိယအမျိုးအစားကတော့ အကြွေးမဆပ်နိုင်ဘဲ ကုန်ခန်းသွားပါတော့မယ်၊ ပါကစ္စတန်ဟာလည်းပဲ နောက်ထပ် ဗင်နီဇွဲလား ဖြစ်လာပါတော့မယ်၊ ပါကစ္စတန် ကို အိန္ဒိယ မလုပ်နိုင်တာကို တရုတ်က လုပ်သွားပါတော့မယ်” ဟု Abhijit Iyer Mitra က ပြောသည်။

CPEC နှင့်ပတ်သက်၍ တရုတ်ဆိုင်ရာ ဆန်းစစ်အကဲဖြတ်မှုနှင့် လေ့လာမှု စင်တာမှ senior fellow တစ်ဦးဖြစ်သည့် Namrata Hasija က အောက်ပါအတိုင်း ပြောသွားသည်။ “CPEC က တရုတ် အကျိုးစီးပွားကို အဆင် ပြေစေမယ့် အရာတစ်ခု ဖြစ်တော့မယ်ဆိုပေမယ့်လည်း ပါကစ္စတန်အတွက်တော့ မဟုတ်ပါဘူး၊ သဘောတူစာချုပ်တွေနဲ့ အလုပ်အကိုင်ခန့်အပ်မှုအားလုံးဟာ အင်ဂျင်နီယာတွေ၊ ဆောက်လုပ်ရေးလုပ်သားတွေနဲ့ လုံခြုံရေး အမှုထမ်းတွေအပါအဝင် တရုတ်ပြည်သူတွေကို ပေးအပ်နေတာပါ၊ CPEC အောက်မှာ ပါကစ္စတန်အတွက် ဖန်တီးပေးထားခဲ့တဲ့ အမှန်တကယ် အလုပ်အကိုင်အရေအတွက်ဟာ ၄၀၀၀ လောက်ပဲဖြစ်ပါတယ်၊ မနှစ်ကဆိုရင် ဒီပရောဂျက်အောက်မှာ ပါကစ္စတန်ပြည်သူတွေအတွက် ကြော်ငြာပေးတဲ့ လစ်လပ်အလုပ်နေရာပမာဏဟာ ၉ ရာခိုင်နှုန်းပဲ ရှိခဲ့ပါတယ်” ဟု ၎င်းက ပြောသည်။

“တရုတ်က အလကား ဘာမှ မပေးပါဘူး၊ ဒါပေမယ့် မြင့်မားတဲ့ အတိုးနှုန်းတွေအောက်မှာ ပေးပါတယ်၊ ၇ ရာခိုင်နှုန်းအထိ မြင့်ပါတယ်၊ ပါကစ္စတန်အနေနဲ့ ကြွေးမြီတွေကို ပြန်ဆပ်ဖို့ စွမ်းသာမှာမဟုတ်ဘူးလို့ ၂၀၁၆ ခုနှစ်မှာ ပါကစ္စတန်ဘဏ်အကြီးအကဲက ထုတ်ပြန်ခဲ့ရာမှာ အဆိုပါထုတ်ပြန်ချက်အကျိုးဆက်အတွက် ၎င်းဟာလည်းပဲ ရာထူးကနေ ဖယ်ရှားခံခဲ့ရပါတယ်၊ တရုတ်ဟာ Gwada မြို့မှာပဲ ပါကစ္စတန်ကို အတိုးမဲ့ ချေးငွေ ပေးထားခဲ့ တာပါ၊ ဒါကလည်း မဟာဗျူဟာ အကျိုးတရားတွေကြောင့်ပါ” ဟု Hasija က ပြောသည်။

အဆိုပါ Webinar ကို Usanas ဖောင်ဒေးရှင်းက စီစဉ်ခဲ့ပြီး Abhinav Pandya က အခမ်းအနားတွင် moderator အဖြစ် ဆောင်ရွက်ပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly