ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးက (၂) နှစ်ပင် ကြာမည်မဟုတ်ဟု WHO မျှော်လင့်

ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးက (၂) နှစ်ပင် ကြာမည်မဟုတ်ဟု WHO မျှော်လင့်

ဩဂုတ် ၂၂

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO အနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးသည် ၁၉၁၈ စပိန်တုပ်ကွေးထက် အချိန်ပိုတောင်းပြီး နှစ်နှစ်ပင် ကြာမြင့်လိမ့်မည် မဟုတ်ဟု မျှော်လင့်ထားကြောင်း WHO အကြီးအကဲ ဖြစ်သူက သောကြာနေ့တွင် ပြောသည်။

ကမ္ဘာက စည်းလုံးညီညွတ်ပြီး ကာကွယ်ဆေး အောင်မြင်စွာ တွေ့ရှိမည်ဆိုပါက ကိုရိုနာကပ်ဘေးက နှစ်နှစ်ပင် ခံမည်မဟုတ်ဟု WHO အကြီးအကဲဖြစ်သူ တက်ဒရော့စ်အက်ဟန်နွမ်ဂျီဘရီယက်ဆက်က ပြောခြင်း ဖြစ်သည်။

WHO အနေဖြင့် ကာကွယ်ဆေး မထွက်လာသေးသည့် အချိန်၌ ကပ်ဘေးကို မည်သို့ မြန်မြန်ဆိုင်ဆိုင် ကိုင်တွယ်နိုင်ကြမည်နှင့် ပတ်သက်ပြီး အမြဲပင် သတိထားကာ ခန့်မှန်းချက်များ ထုတ်ပြန်ခြင်း ဖြစ်သည်။

၁၉၁၈ စပိန်တုပ်ကွေးသည် နှစ်နှစ်အကြာ၌ နိဂုံးချုပ်သွားခဲ့ခြင်း ဖြစ်သည်ဟု တက်ဒရော့စ်က ပြောသည်။

“ပြီးတော့ အခု ကျွန်တော်တို့ ခေတ်ကာလဟာ နည်းပညာတွေ ပိုပြီး ထွန်းကားတယ်။ ဒါကြောင့် ချိတ်ဆက်ဆက်သွယ်မှုတွေ ပိုများပြီး ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု အခွင့်ပိုသာစေမယ်။ ကျွန်တော်တို့ရဲ့ ပိုပြီး ချိတ်ဆက်ဆက်သွယ် မှုတွေကြောင့် ဗိုင်းရပ်စ်ဟာ လျင်လျင်မြန်မြန် ကူးစက်နိုင်တာ ဖြစ်တယ်။”ဟု ဂျီနီဗာက သတင်းစာရှင်းလင်းပွဲ၌ ၎င်းက ပြောသည်။

“ဒါပေမယ့် အဲဒီ တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့မှာ ရှိနေတဲ့ နည်းပညာက ဗိုင်းရပ်စ်ကို ရပ်တန့်နိုင်မယ်၊ ကျွန်တော်တို့ရဲ့ အသိပညာတွေက ဒါကို ရပ်တန့်နိုင်မယ်။ ကမ္ဘာကြီး ရွာဆန်လာမှုရဲ့ ဆိုးကျိုးတွေကိုလည်း ကျွန်တော် တို့ ကြုံရပေမယ့် ပိုပြီး ကောင်းမွန်တဲ့ နည်းပညာတွေက တိုးတက်လာနေတယ်။”ဟု တက်ဒရော့စ်က ပြောသည်။

“ဒါကြောင့်ပဲ ဒီ ကပ်ဘေးဟာ နှစ်နှစ်တောင် ကြာမှာ မဟုတ်ဘူးလို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။”ဟု ၎င်းက ပြောပြီး နိုင်ငံများ စည်းလုံးကြရန်နှင့် တစ်ကမ္ဘာလုံး ညီညွတ်ကြရန် တိုက်တွန်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly