အမေရိကန်လေယာဉ်တင်သင်္ဘော ထိုင်ဝမ်အနီး သွားလာနေစဉ် တရုတ်က စစ်ရေးလေ့ကျင့်မှုများ ပြုလုပ် 

By News Week 
13 August 2020
အမေရိကန်လေယာဉ်တင်သင်္ဘော ထိုင်ဝမ်အနီး သွားလာနေစဉ် တရုတ်က စစ်ရေးလေ့ကျင့်မှုများ ပြုလုပ် 

သြဂုတ် ၁၃ 

ထိုင်ဝမ်ကျွန်းအနီး အမေရိကန်လေယာဉ်တင်သင်္ဘောတစ်စင်း လှည့်လည်ခုတ်မောင်းသွားလာနေစဉ် တရုတ်စစ်တပ်၏ တပ်ဖွဲ့များသည် ထိုင်ဝမ်ကျွန်း၏ အပေါ်စီးနေရာတွင် ရှိနေသည့် ယင်းနိုင်ငံ၏ အရှေ့တောင်ပိုင်းတွင် လေယာဉ်ပစ်မှု ဆိုင်ရာ စစ်ရေးလေ့ကျင့်မှုများကို လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ 

ကိုယ်ပိုင်အုပ်ချုပ်နေသော ထိုင်ဝမ်ကျွန်းသည် ယခုအခါ ဝါရှင်တန်နှင့် ပေကျင်းအကြား ရန်စောင်မှု၏ ဗဟိုချက်တစ်ခု ဖြစ်လာနေသည်။ 

နိုင်ငံအရှေ့တောင်ပိုင်း Guangdong ပြည်နယ်တွင် တရုတ်တပ်ဖွဲ့ဝင်များ အကြီးစား လေကြောင်းရန် ကာကွယ်ရေး လေ့ကျင့်မှုများ လုပ်ဆောင်နေသည့် ဗီဒီယိုပုံရိပ်တစ်ခုကို တရုတ်စစ်တပ်နှင့် အချိတ်အဆက်ရှိ မီဒီယာတစ်ခုက သြဂုတ် ၁၀ ရက်တွင် ထုတ်လွှင့်ဖော်ပြခဲ့သည်။ 

အဆိုပါ စစ်ရေးလေ့ကျင့်မှုများတွင် ၃၅ မမ PGZ-09 နှင့် ၂၅ မမ PGZ-95 လေယာဉ်ပစ်အမြှောက်များကဲ့သို့ အဆင့်မြင့်လက်နက်စနစ်များ ပါဝင်ခဲ့သည်။ 

ယခုစစ်ရေးလေ့ကျင့်မှုများသည် နယ်မြေအနီးအနား၌ အမေရိကန်စစ်တပ်၏ လှုပ်ရှားမှုများ မြင့်တက်နေစဉ် ယင်း၏ နယ်မြေပိုင်နက်ကို ကာကွယ်လိုသည့် တရုတ်၏ သဘောဆန္ဒကို ပြသခဲ့ခြင်း ဖြစ်ကြောင်း အမည်မဖော်လိုသူ ကျွမ်းကျင်ပညာရှင်များကို ကိုးကား၍ သြဂုတ် ၁၂ ရက်တွင် တရုတ်ကွန်မြူနစ်ပါတီ သတင်းစာ ဂလိုဘယ်လ်တိုင်းမ်က ဖော်ပြသည်။ 

ထို့ပြင် တောင်တရုတ်ပင်လယ် စုံစမ်းစစ်ဆေးရေး အစီအစဉ်အဖွဲ့က လုပ်ဆောင်လျက်ရှိသော အမေရိကန်၏ လေကြောင်းနှင့် ရေကြောင်း လှုပ်ရှားမှုများအပေါ် လေ့လာစောင့်ကြည့်မှုကိုလည်း ယင်းသတင်းဌာနက ရည်ညွန်းဖော်ပြထားသည်။ 

Nimitz အတန်းအစား အမေရိကန် လေယာဉ်တင်သင်္ဘော USS Ronald Reagan သည် သြဂုတ် ၈ ရက်ကတည်းက ထိုင်ဝမ်အနီး လှည့်လည်နေခဲ့ပြီး အနီးအနားရှိ အရှေ့တရုတ်ပင်လယ်သို့ ဦးတည်ခုတ်မောင်းသွားသည်ကို မြင်တွေ့ခဲ့ကြောင်း သြဂုတ် ၁၂ ရက်တွင် တရုတ် think tank (နိုင်ငံရေး၊ စီးပွားရေး အကြံပေးအဖွဲ့) က ထုတ်ပြန်ခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly