အိမ်ဖြူတော်အနီး ပစ်ခတ်မှု ဖြစ် ဒေါ်နယ်ထရမ့် သတင်းစာရှင်းလင်းပွဲမှ ရုတ်ခြည်း ထွက်ခွာခဲ့

အိမ်ဖြူတော်အနီး ပစ်ခတ်မှု ဖြစ် ဒေါ်နယ်ထရမ့် သတင်းစာရှင်းလင်းပွဲမှ ရုတ်ခြည်း ထွက်ခွာခဲ့

သြဂုတ် ၁၁ 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ယမန်နေ့ သြဂုတ် ၁၀ ရက်က အိမ်ဖြူတော်၌ ကိုရိုနာဗိုင်းရပ်စ်အရေး သတင်းစာရှင်းလင်းပွဲတစ်ခု လုပ်နေခဲ့စဉ် အိမ်ဖြူတော်အပြင်ဘက်၌ သေနတ်ပစ်ခတ်မှု ဖြစ်ခဲ့၍ သတင်းစာရှင်းလင်းပွဲအခန်းထဲကနေ ရုတ်ခြည်း ထွက်ခွာသွားခဲ့ရကြောင်း သိရသည်။ 

ယင်းနောက် မကြာမီ ထရမ့်သည် အဆိုပါ သတင်းစာရှင်းလင်းပွဲအခန်းထဲသို့ ပြန်ရောက်လာခဲ့ပြီး အခြေအနေကို ကောင်းစွာ ထိန်းချုပ်လိုက်နိုင်ပုံ ရကြောင်း ပြောခဲ့သည်။ 

အိမ်ဖြူတော်အပြင်ဘက်၌ ပစ်ခတ်မှုတစ်ခု ဖြစ်ခဲ့၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက ၎င်းကို အခန်းထဲကနေ ခေါ်ထုတ်သွားခဲ့ခြင်း ဖြစ်ကြောင်း ထရမ့်က သတင်းထောက်များကို ပြောသည်။ 

“အလုပ်ကို အမြဲတမ်း လျင်မြန်ထိရောက်စွာ လုပ်တဲ့အတွက် လျှို့ဝှက်ထောက်လှမ်းရေးတပ်ဖွဲ့ကိုလည်း ကျွန်တော့်ဘက်က ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် ပစ်ခတ်မှုကတော့ တကယ်ဖြစ်ခဲ့တာပါ၊ လူတစ်ယောက်ကို ဆေးရုံကို ခေါ်သွားပါပြီ၊ အဲဒီလူရဲ့ အခြေအနေ ဘယ်လိုရှိမယ်ဆိုတာတော့ ကျွန်တော် မသိပါဘူး၊ ကြည့်ရတာတော့ အဲဒီလူကို လျှို့ဝှက်ထောက်လှမ်းရေးတပ်ဖွဲ့ဝင်တစ်ဦးက ပစ်လိုက်ရတဲ့ပုံ ပေါ်ပါတယ်” ဟု ထရမ့်က ပြောသည်။ 

ယင်းအခိုက်အတန့်တွင် အိမ်ဖြူတော်အောက် ဘန်ကာထဲသို့ သွားခဲ့ရသလား ဆိုပြီး CNN သတင်းထောက်၏ မေးမြန်းမှုကို ထရမ့်က ဖြေကြားရာတွင် “ မသွားခဲ့ပါဘူး၊ ကျုပ်တို့ ဘဲဥပုံရုံးခန်းထဲကိုပဲ သွားခဲ့ကြတာပါ” ဟု ဖြေသွားခဲ့သည်။ 

ထို့ပြင် ယင်းအချိန်တွင် စိတ်လှုပ်ရှားနေသလား ဆိုပြီး မေးခွန်းကို သမ္မတက ဖြေဆိုရာတွင် “ ကျုပ်မသိပါဘူး၊ ကျုပ်ပုံက စိတ်လှုပ်ရှားတဲ့ပုံ ပေါ်နေလို့လား” ဟု ဖြေခဲ့သည်။ 

“လျှို့ဝှက် ထောက်လှမ်းရေးတပ်ဖွဲ့နဲ့ဆို တကယ် လုံခြုံဘေးကင်းတယ်လို့ ကျွန်တော် ခံစားမိပါတယ်၊ သူတို့တွေက တကယ့်ကို ထူးချွန်တဲ့ လူတွေဖြစ်တယ်၊ နောက် သူတို့ဟာ အကောင်းဆုံးလူတွေပါ၊ သူတို့ဟာ သေချာ လေ့ကျင့်ထားတဲ့သူတွေပါ” ဟု ထရမ့်က ပြောသွားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly