ထိုင်ဝမ်ကို ခေတ်မီဒရုန်းများ ရောင်းချရေး အမေရိကန် ဆွေးနွေး

ထိုင်ဝမ်ကို ခေတ်မီဒရုန်းများ ရောင်းချရေး အမေရိကန် ဆွေးနွေး
Photo - AFP

ဩဂုတ် ၇

ထိုင်ဝမ်ဆီ ပထမဆုံးအဖြစ် ခေတ်မီဝေဟင်ဒရုန်း လေးစင်း ရောင်းချရေးအတွက် အမေရိကန်က ဆွေးနွေးညှိနှိုင်းလျက်ရှိသည်ဟု စေ့စပ်ဆွေးနွေးပွဲများနှင့် နီးစပ်သူ ခြောက်ဦးက ပြောသည်။

အဆိုပါ ဒရုန်းများသည် ပင်လယ်နှင့် ကုန်းမြေ၏ ကျယ်ပြန့်သော အဝန်းအဝိုင်းကို စောင့်ကြည့်နိုင်မည် ဖြစ်သည်။

SeaGuardian ထောက်လှမ်းရေးဒရုန်းများသည် ထိုင်ဝမ်၌ လက်ရှိ ရှိထားသည့် မိုင် ၁၆၀ အဝန်းအဝိုင်းကို ထောက်လှမ်းနိုင်သော ဒရုန်းများထက် စွမ်းဆောင်ရည် ပိုမြင့်ကာ မိုင် ၆၀၀၀ အဝန်းအဝိုင်းကို ထောက်လှမ်းနိုင်မည် ဖြစ်သည်။

ယင်း ဒရုန်းများက တရုတ်၏ လေတပ်၊ ဒုံးကျည်များနှင့် အခြားစစ်ရေးအဆောက်အအုံများကို ပိုမို ထောက်လှမ်းနိုင်စွမ်း ရှိလာမည် ဖြစ်သည်။

အဆိုပါ မောင်းသူမဲ့လေယာဉ်များ ရောင်းချခြင်းကို နိုင်ငံခြားရေးဝန်ကြီးဌာနက ခွင့်ပြုပြီး ဖြစ်သည်ဟု သတင်းရင်းမြစ်နှစ်ရပ်က ဆိုသော်လည်း ယင်း ဒရုန်းများတွင် လက်နက်များပါ တပ်ဆင်ကာ ရောင်းချရန် အမေရိကန်  တာဝန်ရှိသူများ အတည်ပြုထားသည်လားဆိုသည်ကို မသိရကြောင်း သတင်းရင်းမြစ်တစ်ရပ်က ပြောသည်။

ယခု အရောင်းအဝယ်ကို ကွန်ဂရက်က အတည်ပြုဦးမည် ဖြစ်ပြီး လာမည့် လ အစောဆုံးအဖြစ် ရောင်းချဖြစ်နိုင်သည်ဟု နီးစပ်သူနှစ်ဦးက ပြောသည်။ ကွန်ဂရက်အနေဖြင့် နောက်ဆုံး သဘောတူညီချက်ကို ပိတ်သိမ်းနိုင်ပိုင်ခွင့် ရှိထားသည်။

ယခုကဲ့သို့သော ရောင်းချမှုမျိုးသည် ထိုင်ဝမ်အား ပိုင်ဆိုင်သည်ဟု အတည်ပြုထားသည့် တရုတ်နိုင်ငံအတွက် အမျက်ထွက်စရာ ဖြစ်လာနိုင်သည်။

ရီပတ်ဘရီကန်နှင့် ဒီမိုကရက်အမတ်များသည် အမေရိကန် မဟာမိတ်များနှင့် မနီးစပ်သော နိုင်ငံများသို့ ခေတ်မီဒရုန်းများ ရောင်းချခြင်းကို တားမြစ်နိုင်မည့် ဥပဒေတစ်ရပ်ကို အင်္ဂါနေ့က အဆိုတင်လာခဲ့သည်။ ထိုသို့သော ခေတ်မီဒရုန်းများကို နေတိုးအဖွဲ့ဝင်နိုင်ငံများ၊ ဩစတြေးလျ၊ နယူးဇီလန်၊ တောင်ကိုရီးယား၊ ဂျပန်နှင့် အစ္စရေးနိုင်ငံတို့ကိုသာ ရောင်းချခွင့် ရှိမည် ဖြစ်သည်။

ထိုင်ဝမ်နှင့် သဘောတူညီချက်သည် သမ္မတ ဒေါ်နယ်ထရမ့် အစိုးရက ဒရုန်းများကို နိုင်ငံများစွာသို့ ပိုမိုရောင်းချနိုင်ရေး စီမံချက် ချပြီးနောက် ပထမဆုံး ဒရုန်းရောင်းချမှု ဖြစ်လာမည် ဖြစ်သည်။

ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနကမူ ယခု သတင်းနှင့် ပတ်သက်ပြီး ထင်မြင်ချက်ပေးရန် ငြင်းဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly