ဟောင်ကောင်တွင် ကိုရိုနာဗိုင်းရပ်စ် အမြောက်အမြား ကူးစက်မှု ဖြစ်မည့်ဘေးရှိနေဟု သတိပေး

29 July 2020
ဟောင်ကောင်တွင် ကိုရိုနာဗိုင်းရပ်စ် အမြောက်အမြား ကူးစက်မှု ဖြစ်မည့်ဘေးရှိနေဟု သတိပေး

ဇူလိုင် ၂၉

ဟောင်ကောင်သည် ကိုရိုနာဗိုင်းရပ်စ် အကြီးစားကူးစက်မှု ဘေးအန္တရာယ်တွင် ရှိနေသည်ဟု အုပ်ချုပ်ရေးမှူးဖြစ်သူ ကာရီလမ်းက သတိပေးသည်။

ပြည်သူများအနေဖြင့် အိမ်ထဲမှာပင် နေကြရန် ၎င်းက တိုက်တွန်းပြီး ဗိုင်းရပ်စ်ကူးစက်မှုကို ဟန့်တားနိုင်ရန်အတွက် တင်းကြပ်သော လုပ်ငန်းစဉ်သစ်များကို ဗုဒ္ဓဟူးနေ့တွင် စတင်ပြဋ္ဌာန်းရန်ရှိကြောင်း ပြောသည်။

အဆိုပါ စည်းမျဉ်းသစ်များမှာ လူနှစ်ဦးထက် ပို၍ မစုရုံးရန်၊ စားသောက်ဆိုင်များတွင် ဧည့်ခံပွဲများ မလုပ်ရန်၊ အများပိုင်နေရာများတွင် နှာခေါင်းစည်း မဖြစ်မနေ ဝတ်ဆင်ရန်တို့ စည်းကမ်းတင်းကြပ်ခြင်း ဖြစ်သည်။ ဟောင်ကောင်အနေဖြင့် ဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားကတည်းက တင်းကြပ်သည့် စည်းမျဉ်းများ ချမှတ်ထားခြင်းလည်း ဖြစ်သည်။

အစိုးရအနေဖြင့် ဗုဒ္ဓဟူးနေ့တွင် စတင် ကျင့်သုံးသော ပင်လယ်နှင့် လေကြောင်း အမှုထမ်းများအတွက် ကြပ်ကြပ်မတ်မတ် စမ်းသပ်စစ်ဆေးခြင်းများနှင့် ရောဂါခြေချုပ်ထားရှိခြင်းများကိုလည်း တင်းကြပ်စွာ လုပ်ဆောင်ထား သည်။

“ကျွန်မတို့တွေဟာ ဗိုင်းရပ်စ် အမြောက်အမြား ကူးစက်မှုဘေးမှာ ရှိနေတယ်။ ဒါဟာ ကျွန်မတို့ရဲ့ ဆေးရုံဆေးပေးခန်းစနစ်တွေကို ဖြိုချပစ်နိုင်ပြီး အသက်ဆုံးရှုံးမှုတွေ အထူးသဖြင့် အသက်ကြီးပိုင်းတွေကို ဆုံးရှုံးရနိုင်တယ်။” ဟု အင်္ဂါနေ့၌ ထုတ်ပြန်ချက်တစ်ရပ်၌ ကာရီလမ်းက ဆိုထားသည်။

“ကျွန်မတို့ရဲ့ ချစ်ခင်ရသူတွေ၊ ကျွန်မတို့ရဲ့ ကျန်းမာရေးစောင့်ရှောက်တဲ့ အမှုထမ်းအရာထမ်းတွေနဲ့ ဟောင်ကောင်ကို ကာကွယ်ဖို့အတွက် လူခွာနေတဲ့ စည်းကမ်းကို တိတိကျကျ လိုက်နာပြီး ဖြစ်နိုင်သမျှ အိမ်ထဲမှာပဲ နေကြဖို့ ကျွန်မ မေတ္တာရပ်ခံချင်ပါတယ်။”ဟု ၎င်းက ပြောသည်။

အနည်းဆုံး ခုနစ်ရက်တာ ကျင့်သုံးရန်ရှိသည့် ယခု တင်းကြပ်သော စည်းမျဉ်းများကို ပြီးခဲ့သည့် သီတင်းသုံးပတ်အတွင်း ကမ္ဘာ့ဘဏ္ဍာရေးအခရာဖြစ်သည့် ဟောင်ကောင်၌ ဒေသတွင်း ဗိုင်းရပ်စ်ကူးစက်မှုများ တိုးမြှင့်လာခြင်း ကြောင့် တနင်္လာနေ့က ကြေညာခဲ့ခြင်း ဖြစ်သည်။

အင်္ဂါနေ့က ဟောင်ကောင်တွင် ကိုရိုနာဗိုင်းရပ်စ် အသစ်ကူးစက်သူ ၁၀၆ ဦး ရှိပြီး ၉၈ ဦးမှာ ဒေသတွင်းမှာပင် ကူးစက်ကြခြင်း ဖြစ်သည်။ ဗြိတိသျှ ကိုလိုနီဟောင်း ဟောင်ကောင်တွင် ဇန်နဝါရီ နှောင်းပိုင်းမှစတင်ပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားသူ ၂၈၈၀ ကျော်ရှိကာ ၂၃ ဦး သေဆုံးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly