ထိုင်း ဒုတိယဝန်ကြီးချုပ်နှင့် ဝန်ကြီး ၃ ဦး ရာထူးမှ နုတ်ထွက်

ထိုင်း ဒုတိယဝန်ကြီးချုပ်နှင့် ဝန်ကြီး ၃ ဦး ရာထူးမှ နုတ်ထွက်

ဇူလိုင် ၁၆

ထိုင်း ဒုတိယဝန်ကြီးချုပ် ဆွမ်ကစ်ဂျက်တူသရီပီတက်နှင့် ၎င်းအတွက် အလုပ် လုပ်ကိုင်ပေးနေသည့် ဝန်ကြီးသုံးဦး ကက်ဘိနက်အစိုးရအဖွဲ့မှ နုတ်ထွက်ပြီဖြစ်၍ အစိုးရ၏ စီးပွားရေး ဝန်ကြီးဌာနရေးရာ အဖွဲ့အား ပြန်လည်ဖွဲ့စည်းရရန် ရှိလာသည်။

နုတ်ထွက်သော ဝန်ကြီးသုံးဦးမှာ ဘဏ္ဍာရေးဝန်ကြီး အူတာမာဆာဗန်နာယာနာ၊ စွမ်းအင်ဝန်ကြီး ဆွန်တီရတ်ဆွန်တီဂျီရာဝေါင်နှင့် အဆင့်မြင့် ပညာရေး၊ သိပ္ပံ၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဝန်ကြီး ဆူဝတ်မယ်ဆင်စီတို့ ဖြစ်ကြသည်။

ဝန်ကြီးချုပ်ကြီး လက်ထောက်အတွင်းဝန်လည်း ဖြစ်ပြီး ဆွမ်ကစ်၏ အဖွဲ့အတွင်း ပါဝင်သူတစ်ဦးလည်းဖြစ်သည့် ကော့ဆတ်ပေါ့ထရာကူးသည်လည်း ရာထူးမှ နုတ်ထွက်သည်။

၎င်းတို့ လေးဦးစလုံးသည် ဆွမ်ကစ်ဦးဆောင်သော စီးပွားရေးအဖွဲ့တွင် ပါဝင်ကြသူများဖြစ်ပြီး အာဏာရ ပလန်ပရာချာရတ်ပါတီ PPRP မှလည်း မကြာသေးမီက နုတ်ထွက်ထားကြသည်။

ဆွမ်ကစ်သည် ၎င်း၏ ကျန်းမာရေး ပြဿနာကို ဖော်ပြလျက် ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာထံ ဗုဒ္ဓဟူးနေ့က နုတ်ထွက်ကြောင်း အကြောင်းကြားခဲ့သည်ဟု အစိုးရ သတင်းရင်းမြစ်တစ်ရပ်က ဆိုသည်။

“အခုလို နုတ်ထွက်တာနဲ့ ပတ်သက်ပြီး ကြာသပတေးနေ့မှာ သတင်းစာ ရှင်းလင်းမှာ ဖြစ်ပါတယ်။”ဟု ဘဏ္ဍာရေးဝန်ကြီး အူတာမာက ဗုဒ္ဓဟူးနေ့က ပြောသည်။ ချက်ချင်း လိုအပ်ချက် ရှိလာသော ကိစ္စရပ်မှာ ၎င်းတို့ နေရာတွင် မည်သည့် အဖွဲ့သစ်ကို အစားထိုးမည်လဲဆိုခြင်းပင် ဖြစ်သည်။

ဆွမ်ကစ်နှင့် အဖွဲ့သည် ၎င်းတို့၏ ဝန်ကြီးအဆင့် အဖွဲ့အတွင်းက နေရာအား အခြားသူများက ရယူလိုနေကြခြင်းကြောင့် PPRP ပါတီတွင်း နိုင်ငံရေးဂိုဏ်းကွဲများက နုတ်ထွက်ရန် ပြောဆိုခြင်း ခံခဲ့ရသည်ဟု သိရသည်။

ယင်း ဂိုဏ်းအကွဲအပြဲက ပါတီခေါင်းဆောင်သစ်အဖြစ် အူတာမာနေရာတွင် ဒုတိယဝန်ကြီးချုပ် ပရာဝစ်ဝေါဆူဝန်ကို မကြာသေးမီက အစားထိုး တင်မြောက်ခဲ့ကြသည်။

ထွက်ပေါ်နေသော သတင်းများအရ ဆွမ်ကစ်နှင့် အဖွဲ့သည် နိုင်ငံရေးပါတီသစ်တစ်ရပ် တည်ထောင်ရန် စီစဉ်နေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly