တရုတ်အရာရှိများအား ဒဏ်ခတ်ပိတ်ဆို့မှုကို သမ္မတ ထရမ့်က မပယ်ချခဲ့ဟု အိမ်ဖြူတော် ပြော

တရုတ်အရာရှိများအား ဒဏ်ခတ်ပိတ်ဆို့မှုကို သမ္မတ ထရမ့်က မပယ်ချခဲ့ဟု အိမ်ဖြူတော် ပြော

ဇူလိုင် ၁၆

တရုတ် ထိပ်တန်းအရာရှိများကို ထပ်တိုး၍ ဒဏ်ခတ်ပိတ်ဆို့မည်ကို သမ္မတ ထရမ့်က ပယ်ချခဲ့ခြင်း မရှိဟု အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ ပြောခွင့်ရသူတစ်ဦးက ဗုဒ္ဓဟူးနေ့တွင် ပြောသည်။

ဟောင်ကောင်အပေါ် ကိုင်တွယ်ပုံနှင့် ပတ်သက်၌ တရုတ်အပေါ် သမ္မတ ထရမ့်က အင်္ဂါနေ့က ချမှတ်ခဲ့သော အပြစ်ပေးခြင်း၏ ရလဒ်အဖြစ် ထပ်တိုး ဒဏ်ခတ်ပိတ်ဆို့မှုကို ပယ်ချခဲ့ခြင်း မရှိဟု အဆိုပါ ပြောခွင့်ရသူက ဆိုသည်။

အင်္ဂါနေ့က ထရမ့် လက်မှတ်ရေးထိုးသော ဟောင်ကောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အက်ဥပဒေအရ တရုတ်၏ ဟောင်ကောင်တွင် အသစ်ပြဋ္ဌာန်းသော အမျိုးသားလုံခြုံရေးဥပဒေတွင် ပါဝင်သည် တရုတ်အရာရှိများနှင့် ဘဏ္ဍာရေးအဖွဲ့အစည်းများကို ဒဏ်ခတ်ပိတ်ဆို့ခြင်းနှင့် ဗီဇာတင်းကြပ်ခြင်းများ ချမှတ်နိုင်ခွင့် အာဏာ သမ္မတ ထရမ့်က ရရှိထားခြင်း ဖြစ်သည်။

တရုတ်နှင့် အရှိန်မြင့်နေသော တင်းမာမှုကို ရှောင်လွှဲရန် တရုတ်ထိပ်တန်းအရာရှိများကို ထပ်တိုးဒဏ်ခတ်ပိတ်ဆို့မှုကို ထရမ့်က ပယ်ချခဲ့သည်ဟု Bloomberg News က ဖော်ပြခဲ့ခြင်း ဖြစ်သည်။

လူနည်းစု ဝီဂါမွတ်စလင်များကို ပြုမူဆက်ဆံပုံများအွက် တရုတ်ကွန်မြူနစ်ပါတီ တာဝန်ရှိသူများအား ဒဏ်ခတ်ပိတ်ဆို့မှုများကို ပြီးခဲ့သည့် သီတင်းပတ်၌ ထရမ့်က ချမှတ်ခဲ့ကြောင်း အမျိုးသားလုံခြုံရေးကောင်စီ ပြောခွင့်ရသူ ဂျွန်အူးယော့က ပြောသည်။

“ဟောင်ကောင် ဒါမှမဟုတ် အခြားကိစ္စရပ်တွေမှာ အရေးယူဖို့အတွက် တရုတ်တာဝန်ရှိသူတွေကို နောက်ထပ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်မှာကို ထရမ့်က လက်ရှောင်ခဲ့တာမျိုး မရှိပါဘူး။ အမည်မသိ သတင်းရင်းမြစ်က ပြောဆိုချက်တွေဟာ မှားယွင်းနေပါတယ်။”ဟု အူးယော့က ပြောသည်။

ဒဏ်ခတ်ပိတ်ဆို့မှုအတွက် ဖြစ်တန်သော ပစ်မှတ်များကို အိမ်ဖြူတော်က ဆက်လက်ဆွေးနွေးနေဆဲ ဖြစ်ပြီး အပြီးသတ် ဆုံးဖြတ်ချက် မချရသေးကြောင်း ယင်းကိစ္စနှင့် နီးစပ်သူတစ်ဦးကလည်း ပြောသည်။

ထိုသို့ ပစ်မှတ်ထားသူများ စာရင်းတွင် တရုတ်အပေါ် သဘောထားတင်းမာသူများ တင်ပြရာ၌ လုံခြုံရေးဥပဒေအား တရုတ်ပြဋ္ဌာန်းရာတွင် ထောက်ခံခဲ့သည့် ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကာရီလမ်းလည်း ပါဝင်သည်ဟု ယင်း သတင်းရင်းမြစ်က ဆိုသည်။

နယူးယောက်တိုင်းမ်စ်၏ ဗုဒ္ဓဟူးနေ့ နှောင်းပိုင်း သတင်းဖော်ပြချက်တွင်လည်း တရုတ်ကွန်မြူနစ်ပါတီမှ အဖွဲ့ဝင်များ အမေရိကန်သို့ လာရောက်ခြင်းကို တားမြစ်ခြင်းအား ထရမ့်အစိုးရက စဉ်းစားနေကြောင်း နီးစပ်သူများကို ကိုးကားပြီး ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly