မြန်မာ လျှပ်စစ်ဓာတ်အားပေးစနစ်အတွက် ထိုင်းက ဘတ်ငွေ ၁ ဘီလီယံ ကျော် ချေးမည်

မြန်မာ လျှပ်စစ်ဓာတ်အားပေးစနစ်အတွက် ထိုင်းက ဘတ်ငွေ ၁ ဘီလီယံ ကျော် ချေးမည်
Photo - AFP

ဇူလိုင် ၁၆

မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားပေးစနစ် တိုးတက်ကောင်းမွန်ရေးကို ကူညီရန်အတွက် အတိုးနည်းချေးငွေဖြင့် ဘတ်ငွေ ၁ ဒသမ ၄၅ ဘီလီယံကို ထိုင်းအစိုးရက အတည်ပြုလိုက်ပြီဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ ချေးငွေသည် အိမ်နီးချင်းနိုင်ငံများနှင့် ခိုင်မာသော ဆက်ဆံရေးကို ဖော်ဆောင်သည့် အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်သည်ဟု လက်ထောက် အစိုးရ ပြောရေးဆိုခွင့်ရှိသူ ရာချာဒါဒနာဒီရက်က အင်္ဂါနေ့က ပြောသည်။

အိမ်နီးချင်းနိုင်ငံများ စီးပွားရေးဖွံ့ဖြိုးမှု ကော်ပိုရေးရှင်း အေဂျင်စီ NCEDC က မြန်မာသို့ ချေးငွေ ချထားပေးရေး အစီအစဉ်ကို တာဝန်ယူသွားမည် ဖြစ်ကြောင်း ရာချာဒါက ဆိုသည်။ ယခု ချေးငွေသည် ရန်ကုန်၌ ရှိသော လျှပ်စစ်ဓာတ်အားခွဲရုံများနှင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးစနစ်များ ပိုမို ကောင်းမွန်ရေးအတွက် ရည်ရွယ်ကြောင်း သိရသည်။

ဘတ်ငွေ ၁ ဒသမ ၄၅ ဘီလီယံတွင် ၇၂၉ ဒသမ ၁၂ သန်းအား ၂၀၂၁-၂၃ ဘဏ္ဍာနှစ်ကို လွှမ်းခြုံသည့် နှစ်စဉ်ဘတ်ဂျက်မှ ထုတ်ယူမည်ဖြစ်ပြီး ကျန်တစ်ဝက်ကို ပြည်တွင်းဘဏ္ဍာရေးအဖွဲ့အစည်းများထံမှ ငါးနှစ်တာ ချေးငွေကာလဖြင့် ချေးယူမည်ဖြစ်သည်။

အဆိုပါ ချေးငွေအား သတ်မှတ်ချိန် ရွေ့လျားပေးခြင်း ၁၀ နှစ်တာ ကာလ အပါအဝင် နှစ် ၃၀ စာချုပ်ဖြင့် အတိုးနှုန်း ၁ ဒသမ ၅ ရာခိုင်နှုန်းဖြင့် မြန်မာနိုင်ငံက ရရှိမည် ဖြစ်သည်။

ယခု ချေးငွေ သဘောတူညီချက်အရ လျှပ်စစ်ဓာတ်အားပေး စီမံကိန်းများ၌ သုံးစွဲမည့် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများ၏ ၅၀ ရာခိုင်နှုန်းကို ထိုင်းနိုင်ငံဆီမှ ဝယ်ယူသုံးစွဲရမည် ဖြစ်ကြောင်း သိရသည်။ ချေးငွေ သဘောတူညီချက်နှင့် ပတ်သက်သော စည်းမျဉ်းများကို ထိုင်းအစိုးရက ပြဋ္ဌာန်းမည်ဖြစ်ကာ မြန်မာနိုင်ငံသည် ထိုင်းဆောက်လုပ်ရေး ကန်ထရိုက်တာနှင့် အကြံပေးအင်ဂျင်နီယာတစ်ဦးကို ခန့်အပ်တာဝန်ပေးရမည်လည်း ဖြစ်သည်။

“မြန်မာနိုင်ငံကို ခုလို ဘဏ္ဍာရေးအရ အကူအညီပေးတာဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့ ခိုင်မာတဲ့ ဆက်ဆံရေး ထူထောင်မှု မဟာဗျူဟာအရပဲ ဖြစ်ပါတယ်။ ပြီးတော့လည်း ထိုင်း စွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ ကုန်စည်ထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှုတွေကို အထောက်အကူပြုပြီး ထိုင်းနိုင်ငံမှာ အလုပ်အကိုင် အားကောင်းဖို့အတွက်လည်း ဖြစ်ပါတယ်။”ဟု ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးတစ်ဦးဖြစ်သည့် ရာချာဒါက ပြောသည်။  

“စီမံကိန်း သဘောတူညီမှု တန်ဖိုးရဲ့ ၅၀ ရာခိုင်နှုန်းအောက်ထက် မနည်းစေဘဲ ထိုင်း ကုန်ပစ္စည်းတွေနဲ့ ဝန်ဆောင်မှုတွေကို သုံးစွဲရမှာဖြစ်တာမို့ မြန်မာနိုင်ငံဆီ ထိုင်းရင်းနှီးမြုပ်နှံသူတွေကို ပိုပြီး ဆွဲဆောင်လာလိမ့်မှာ ဖြစ်တယ်။”ဟု ၎င်းက ပြောသည်။

ထိုင်းနိုင်ငံသည် လက်ရှိ၌ စင်ကာပူနှင့် တရုတ်ပြီးလျှင် မြန်မာနိုင်ငံ၌ တတိယမြောက် အကြီးဆုံး ရင်းနှီးမြုပ်နှံထားသည် နိုင်ငံဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly