၂၁၀၀ ကမ္ဘာ့လူဦးရေကုလသမဂ္ဂ ခန့်မှန်းသည်ထက် ၂ ဘီလီယံ လျော့

၂၁၀၀ ကမ္ဘာ့လူဦးရေကုလသမဂ္ဂ ခန့်မှန်းသည်ထက် ၂ ဘီလီယံ လျော့

ဇူလိုင် ၁၅

၂၁၀၀ ပြည့်နှစ်၌ ကမ္ဘာ့လူဦးရေသည် လက်ရှိ ကုလသမဂ္ဂ ခန့်မှန်းထားသည်ထက် ၂ ဘီလီယံ လျော့နည်းပြီး ၈ ဒသမ ၈ ဘီလီယံ ရှိလိမ့်မည် ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့က ထုတ်ဝေသည့် အထူးသုတေသနပြုချက်တစ်ရပ်က ဆိုသည်။

မွေးဖွားနှုန်း ကျဆင်းခြင်းနှင့် သက်ကြီးရွယ်အို နှုန်းထားတို့အား ပေါင်းစပ်တွက်ချက်ခြင်းဖြင့် နိုင်ငံတကာသုတေသနအဖွဲ့တစ်ရပ်က ကြိုတင်ခန့်မှန်းချက် ထုတ်ခြင်း ဖြစ်သည်။

ရာစုနှစ်ကုန်ဆိုလျှင် ရွှေ့ပြောင်းဝင်ရောက်သူများအား တားဆီးခြင်းဖြင့် နိုင်ငံပေါင်း ၁၉၅ နိုင်ငံတွင် ၁၈၃ နိုင်ငံမှာ လူဦးရေနှုန်းထားကို ထိန်းညှိရေး လိုအပ်သည့် သတ်မှတ်နှုန်းထားအောက်တွင် ရှိနေမည်ဟု သုတေသနအဖွဲ့က The Lancet ဂျာနယ်တွင် ရေးသားဖော်ပြသည်။

ဂျပန်၊ စပိန်၊ အီတလီ၊ ထိုင်း၊ ပေါ်တူဂီ၊ တောင်ကိုရီးယားနှင့် ပိုလန်တို့ အပါအဝင် နိုင်ငံပေါင်း ၂၀ ကျော်သည် အနည်းဆုံး ထက်ဝက်ခန့်အထိ လူဦးရေ ကျုံ့သွားမည် ဖြစ်သည်။

တရုတ်နိုင်ငံသည် အများဆုံး လူဦးရေး ကျဆင်းပြီး လက်ရှိ ၁ ဒသမ ၄ ဘီလီယံမှ နှစ် ၈၀ အတွင်း သန်း ၇၃၀ သို့ ကျဆင်းသွားမည် ဖြစ်သည်။

တစ်ချိန်တည်းတွင် ဆာဟာရတိုက်ငယ်၌ လူဦးရေ သုံးဆတိုးပြီး ၃ ဘီလီယံအထိ ရှိလာမည်ဖြစ်ကာ နိုင်ဂျီးရီးယားတစ်နိုင်ငံတည်း၌ ၂၁၀၀ တွင် သန်း ၈၀၀ နီးပါးအထိ တိုးပွားလာမည် ဖြစ်သည်။ အိန္ဒိယနိုင်ငံမှာမူ ၁ ဒသမ ၁ ဘီလီယံ ရှိမည်ဖြစ်သည်။

“ဒီ ခန့်မှန်းချက်ဟာ သဘာဝပတ်ဝန်းကျင်အတွက်တော့ သတင်းကောင်းပါပဲ။ စားနပ်ရိက္ခာ ထုတ်လုပ်ရေးစနစ်တွေနဲ့ ကာဗွန်ထုတ်လုပ်မှု လျှော့ချရေးတွေမှာ ဖိအား နည်းစေနိုင်တာမို့ပါ။ ဆာဟာရတစ်ပိုင်း အာဖရိကရဲ့ နယ်မြေတွေအတွက်လည်း သိသိသာသာ စီးပွားရေးအခွင့်အလမ်းတွေ ရှိလာမှာ ဖြစ်ပါတယ်။”ဟု ဝါရှင်တန်တက္ကသိုလ်မှ Institute fo Health Metrics and Evaluation ဌာန၏ ညွှန်ကြားရေးမှူး ခရစ္စတိုဖာမူရေးက အေအက်ဖ်ပီသို့ ပြောသည်။

“ဒါပေမယ့် အာဖရိက အပြင်ဖက်က နိုင်ငံအများစုဟာ လုပ်သားအင်အားစု ကျုံ့သွားပြီး လူဦးရေဟာ ပိရမစ် ဇောက်ထိုးလို ဖြစ်သွားလိမ့်မယ်။ ဒါဟာ စီးပွားရေးအတွက် အနုတ်လက္ခဏာ နောက်ဆက်တွဲတွေ ဖြစ်လာနိုင်မှာ ဖြစ်တယ်။”ဟု ၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly