အမေရိကန်၌ COVID-19 ပါတီပွဲတက်ခဲ့သူ အမျိုးသားတစ်ဦးသေဆုံး

အမေရိကန်၌ COVID-19 ပါတီပွဲတက်ခဲ့သူ အမျိုးသားတစ်ဦးသေဆုံး

ဇူလိုင် ၁၃

အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူတစ်ဦးကျင်းပသည့် ‘COVID-19ပါတီ’ ပွဲသို့တက်ရောက်ခဲ့သူ အသက် ၃၀ နှစ်အရွယ်အမျိုးသားသည် အဆိုပါရောဂါပိုးကူးစက်ခံရပြီး သေဆုံးသွားခဲ့သည်။

ထိုကြောင့် အဆိုပါရောဂါသည် လူငယ်များအတွက်လည်း အသက်အန္တရာယ်ရှိကြောင်း ဆရာဝန်တစ်ဦးက သတိပေးခဲ့သည်။ ဆန်အန်တိုနီယိုမြို့ Methodist ဆေးရုံမှ ဆေးဘက်ဆိုင်ရာ အကြီးအကဲ Jane Appleby က အမေရိကန် မှာ လူပေါင်း ၁၃၅ ၀၀၀ ကျော်သေဆုံးပြီးသော်လည်း ထိုလူက ဗိုင်းရပ်စ်ကို လိမ်လည်မှုတစ်ခုအဖြစ် ယူဆနေသည်ဟု ဆိုသည်။  

Appleby က “တစ်စုံတစ်ဦးက ကိုဗစ်ရောဂါ ရှိ/မရှိ စစ်ဆေးလိမ့်မယ်။ ပြီးရင် ရောဂါကို သူတို့ နိုင်/ မနိုင် သူငယ်ချင်းတွေ ခေါ်ပြီး ပါတီပွဲကျင်းပလိမ့်မယ်” တနင်္ဂနွေနေ့က အမေရိကန်မီဒီယာတစ်ခုမှ ဗီဒီယို  ထုတ်လွှင့်ချက် တစ်ခုတွင်ပြောခဲ့သည်။

အဆိုပါလူနာက အမှားလုပ်မိခဲ့ကြောင်း သူနာပြုအား ဝန်ခံခဲ့သည်ဟုဆိုသည်။

Appleby က “လူနာက ငယ်သေးတော့ ရောဂါကို ကျော်လွှားနိုင်မယ်ထင်နေတာ။ သူ့ကို မကူးစက်နိုင်ဘူးလို့ ထင်မှတ်ခဲ့ပုံပဲ။ လူငယ်တွေက သူတို့ဘယ်လောက်ထိ နေမကောင်းဖြစ်နေတယ်ဆိုတာ တစ်ခါတလေ မသိကြပါဘူး။ သူတို့က ဖျားနာနေတဲ့ပုံမပေါ်ဘူး။ ဒါပေမယ့် အောက်ဆီဂျင်လယ်ဗယ်စစ်ပြီး ဓာတ်ခွဲစမ်းသပ်မှုလုပ်လိုက်ရင် သူတို့ဟာ မြင်ရတဲ့အနေအထားထက်ကို ပိုပြီး နေမကောင်းဖြစ်နေကြပါတယ်” ဟု ပြောသည်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများ ပြန်လည်ဖြစ်ပွားခဲ့ပြီး လူငယ်များအပေါ် ပြစ်တင်ဝေဖန်နေကြသည့်တိုင် ထရမ့်အစိုးရက ဆောင်းဦးကာလ၌ ကျောင်းများ အပြည့်အဝပြန်ဖွင့်ရန်  တနင်္ဂနွေနေ့က တိုက်တွန်းခဲ့သည်။

အမေရိကန်သည် ယနေ့အချိန်ထိ ကမ္ဘာ့ပေါ်တွင် ကိုဗစ်-၁၉ ရောဂါ အကူးစက်ခံရဆုံးနှင့် သေဆုံးမှု အများဆုံးနိုင်ငံဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly